ခိုလှုံခွင့်ရှာဖွေသူတွေနဲ့ ဒုက္ခသည်တွေကို အလုပ်ခန့်ရာမှာ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သန်းကြွယ်သူဌေး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ ဒုံးပျံနဲ့ ဂြိုဟ်တုကုမ္ပဏီ SpaceX ကို အမေရိကန် တရားရေးဌာန (DOJ)က သြဂုတ် ၂၄ ရက်မှာ တရားစွဲခဲ့ပါတယ်။
DOJ ရဲ့ တရားစွဲချက်အရ အနည်းဆုံး စက်တင်ဘာ ၂၀၁၈ မှ ၂၀၂၂ မေလအထိ SpaceX ဟာ ခိုလှုံခွင့်ရှာဖွေသူတွေနဲ့ ဒုက္ခသည်တွေကို အလုပ်လျှောက်ထားဖို့ စိတ်ပျက်အားလျော့စေခဲ့ပြီး သူတို့ရဲ့ နိုင်ငံသားဖြစ်မှု အခြေအနေကြောင့် သူတို့ကို ထည့်မစဉ်းစားပေးဘဲ ရှောင်လွှဲတာဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်အတော်ကြာ အလုပ်ခေါ်ယူခြင်းနဲ့ အများသူငါ ထုတ်ပြန်ချက်တွေမှာ SpaceX ဟာ အမေရိကန်နိုင်ငံသားတွေနဲ့ တရားဝင် အမြဲတမ်းနေထိုင်သူတွေကိုသာ ငှားရမ်းနိုင်မယ်လို့ ကြေညာခဲ့တာတွေဟာ SpaceX အနေနဲ့ ပို့ကုန်ထိန်းချုပ်ရေးဥပဒေလို့ ခေါ်တဲ့ ဖက်ဒရယ်စည်းမျဉ်းတွေကို မှားယွင်းဖော်ပြခဲ့တာဖြစ်ကြောင်း တရားရေးဌာနက ဆိုပါတယ်။
တရားရေးဌာနဟာ “ခွဲခြားဆက်ဆံခံရတဲ့ အများသူငါ ထုတ်ပြန်ချက်တွေ” ရဲ့ ဥပမာအဖြစ် ကုမ္ပဏီရဲ့ ဘီလီယံနာ ပိုင်ရှင် မတ်စ်ခ်ရဲ့ အွန်လိုင်းပို့စ်တွေကို ထောက်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ခွဲခြားဆက်ဆံမှုကြောင့် SpaceX မှာ အလုပ်ရရှိဖို့ကို တားဆီးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းခံရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေအတွက် မျှမျှတတ စဉ်းစားမှုနဲ့ ငွေပြန်ပေးဖို့ကို နည်းလမ်းရှာဖွေနေကြောင်း တရားရေးဌာနက ပြောကြားခဲ့ပါတယ်။
SpaceX ကတော့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
Source - Reuters