တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာမှာ ဩဂုတ် ၂၄ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲလို့ ဒေသခံရွာသား ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြတယ်လို့ ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
စစ်ကောင်စီဘက်က အင်အား ၅ဝ လောက်နဲ့ မလိဝမ်းကျေးရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကနေ ရှေ့ထွက်မိုင်း ၃ လုံး ဖောက်ခွဲခဲ့ကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၅ ဦး သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မလိဝမ်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ချောင်းဝကျေးရွာက ဒေသခံပြည်သူ ၁ဝဝ ကျော် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ကော့သောင်းပဖက တာဝန်ခံတဦးက “မလိဝမ်းဘက် တိုက်ပွဲဖြစ်တော့ ချောင်းဝရွာက ပြည်သူတွေ ရွာကမထွက်နဲ့၊ သူတို့ပြန်ဆင်းလာပြီ၊ ရွာထဲက အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်တော့ ရွာသားတွေ ကြောက်လန့်ပြီး ထိုင်းနိုင်ငံဘက်ကို ပြည်သူ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြတာပါ” လို့ ပြောပါတယ်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁ဝဝ ကျော်ကို ထိုင်းအာဏာပိုင်တွေဘက်က ကူညီဆောင်ရွက်ပေးပြီးနောက် ညနေ ၄ နာရီလောက်မှာ ကျေးရွာကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၁ ရက် ညဘက်ကလည်း စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေကြတဲ့ ခမောက်ကြီးမြို့နယ် ကားပျက်တောင်ခြေက ဥယျာဉ်ခြံမှာ နေထိုင်သူ ၁ ဦးနဲ့ အောင်ချမ်းသာကျေးရွာအုပ်စုမှာရှိတဲ့ ယုဇနဆီအုန်းကုမ္ပဏီက ခမောက်ငယ်ပျိုးခင်းဇုန် တာဝန်ခံ ၁ ဦးတို့ကို အမည်မသိအဖွဲ့ကနေ ဖမ်းဆီးပြီး ပစ်သတ်သွားတယ်လို့လည်း သိရပါတယ်။
အဆိုပါဖြစ်စဉ်ပြီးနောက် ဩဂုတ် ၂၃ ရက်မှာ စစ်ကောင်စီတပ်က ရေလမ်းကနေ အင်အား ၃ဝ ကျော်ခန့်နဲ့ ပါကျန်မြစ်ဘေးက ခမောက်ကြီးမြို့နယ် ချောင်းဝရွာထဲကို လာရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့သလို ညနေ ၄ နာရီလောက်မှာလည်း ခမောက်ငယ်ရွာဘက် သွားရောက်ကာ စစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ အလယ်လောက်ကလည်း မလိဝမ်းကျေးရွာက ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသမီး ၁ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၄ ဦးကို ထပ်မံဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။