ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၉ရပ်ကွက်၊ မြိုင်လမ်းမှာ ဩဂုတ် ၂၅ ရက် မနက်က အရက်မူးသမားတယောက်က သူ့ရဲ့နေအိမ်ကို မီးရှို့ရာကနေ ဘေးအိမ်ပါ မီးကူးစက်ပြီး နေအိမ်သုံးလုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်က အမှတ် ၉ ရပ်ကွက် မြိုင်လမ်းနေ အမျိုးသားတယောက်ဟာ အရက်သေစာသောက်စားပြီး သူ့ရဲ့နေအိမ်ကိုမီးရှို့ခဲ့ရာက ဘေးအိမ်နှစ်အိမ်ပါ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"အရက်မူးပြီး အိမ်ကိုမီးရှို့တာ ဘေးကအိမ်နှစ်လုံးပါမီးထဲပါသွားတယ်။ မီးလောင်နေတဲ့ ဘေးအိမ်က အဘိုးကြီးအဘွားကြီးတွေနေတာ။ မီးသတ်တွေ ပရဟိတအဖွဲ့တွေကယ်လို့ မသေတာ။”
အဆိုပါမီးလောင်မှုကို အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ လှိုင်သာယာမီးသတ်တပ်ဖွဲ့အပြင် ပရဟိတအဖွဲ့တွေကပါ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ရာ ၄ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားပါတယ်။
နေအိမ်မီးရှို့ခဲ့တဲ့ အမျိုးသားကို လှိုင်သာယာမြို့မရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကလည်း ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ ဗညားဒလလမ်းမှာ အရက်ကြောင်နေသူတယောက်က နေအိမ်မီးရှို့လို့ ဘေးအိမ်နှစ်လုံးပါ မီးလောင်ကျွမ်းခဲ့ပါတယ်။