Home
မြန်မာသတင်း
ရွာငံတွင် အမျိုးသား ၂ ဦးကို သတ်ဖြတ်ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွား
DVB
·
August 25, 2023
Ywa Ngan

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာ အုပ်စု၊ မျှားကလေးကျေးရွာမှာ အမျိုးသား နှစ်ယောက် သတ်ဖြတ်ခံရပြီး အဖိုးတန် ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၃ ရက် ည ၁၀ နာရီလောက်မှာ မျှားကလေးကျေးရွာက အသက် ၆၈ နှစ်အရွယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး (အငြိမ်းစား) ဦးလှမင်းနဲ့ အသက် ၄၁ နှစ်အရွယ် သမက်ဖြစ်သူ ကိုမင်းတေဇကို အမည်မသိလူတွေက ဓားနဲ့သတ်ဖြတ်ကာ နေအိမ်ရှိ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဘယ်သူတွေ သတ်တာလဲ ဆိုတာ အခုထိ မသိရသေးပါဘူး။ အရင်ကလည်း ဒီလို တခါမှ မဖြစ်ဖူးဘူး။ အကြောင်းသိထဲကပဲလို့ ထင်တယ်။ အခုကာလမှာ ဓားပြမှုတွေက ခဏခဏ ကြားနေရပြီး တရားခံကို မမိတော့ လူတွေက ပိုအတင့်ရဲလာကြတယ်။ ပြီးတော့ မိန်းမပျိုတယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကြားမိသေးတယ်” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို စစ်ကောင်စီရဲ့ တယ်လီဂရန်ချန်နယ်တွေက လူသတ် ဓားပြတိုက်တဲ့ PDF, LPDF တွေ လုပ်ဆောင်တာလို့ စွပ်စွဲ ထုတ်ပြန်ပါတယ်။

ရွာငံမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တဦးက “မျှားကလေးကျေးရွာမှာ ဖြစ်ပျက်သွားတဲ့ကိစ္စက ကျနော်တို့ ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ အိမ်ပိုင်ရှင် ဦးလှမင်း ဆိုသူက ကျနော်တို့ ဆန္ဒပြကာလတုန်းက သူကိုယ်တိုင် ပါဝင် ဦးဆောင်ခဲ့သူပါ။ ပြီးတော့ အခုချိန်ကာလမှာလည်း စကစနဲ့ ပူးပေါင်းပြီး ပြည်သူလုထုကို ဒုက္ခပေးတာမျိုးလည်း မရှိဘူး။ အရင်ကတည်းက ဒီနယ်မြေမှာ ကျနော်တို့ ကျင်လည်နေတာပါ” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024