တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းအနီးမှာ သြဂုတ် ၂၃ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတယောက် သေဆုံးခဲ့ပြီး ကလေး နှစ်ယောက် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မြို့ခံတဦးက “ကလေးနှစ်ယောက် ဖအေတယောက် ဘေးတွဲနဲ့ သံတိုသံစ လိုက်ဝယ်ချိန်မှာ စကစဘက်က ပိတ်ထားတဲ့ လမ်းထဲကို သူတို့ဝင်သွားလို့ ပစ်ခတ်လိုက်တာပါ” လို့ ပြောပါတယ်။
အဲဒီ ဝေဠုဝန်ကျောင်းဟာ ပလမြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အမှတ် ၃ ရပ်ကွက်အနီးနားမှာ စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဝေဠုဝန်ကျောင်းအနီးနားမှာ တပ်ချတာတို့ ကင်းလှည့်တာတို့ လုပ်ဆောင်နေပေမဲ့ အခုလို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတိပေး ထုတ်ပြန်တာမျိုး မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဖခင်ရဲ့ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဖခင်နဲ့အတူပါလာတဲ့ ကလေးနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့သူရဲ့ အချက်အလက်နဲ့ ကလေးနှစ်ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ပုလောမြို့နယ်မှာ တစ်ပတ်အတွင်း အရပ်သား နှစ်ယောက် သေဆုံးပြီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကနေ သိရပါတယ်။