ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာအုပ်စုရဲ့ ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်ရဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေခဲ့ရာကနေ သြဂုတ် ၂၄ ရက်မှာတော့ ပရီဂေါ့ရှင်ရဲ့ ကျန်ရစ်သူမိသားစုကို ဝမ်းနည်းကြောင်းသတင်းစကား ပေးပို့ခဲ့ပါတယ်။
ပူတင်က “လေကြောင်းဖြစ်ရပ်ဆိုးအတွက် သေဆုံးသူအားလုံးရဲ့ မိသားစုတွေကို အရိုးသားဆုံး ဝမ်းနည်းကြောင်း ပြောကြားလိုပြီး အမြဲတမ်း ကြေကွဲစရာပါပဲ” လို့ ပြောပါတယ်။
တကယ်တော့ အခြေခံအချက်အလက်တွေအရ သူတို့တွေဟာ ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ရဲ့ ဝန်ထမ်းတွေလို့ ညွှန်ပြနေပြီး ဒီလူတွေဟာ ယူကရိန်းမှာ နာဇီလက်သစ်အစိုးရကို တိုက်ဖျက်ရာမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ခဲ့တာကို မှတ်မိသိရှိနေပြီး မေ့ပျောက်သွားမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
ပူတင်က သူဟာ ပရီဂေါ့ရှင်ကို ၁၉၉၀ အစောပိုင်းကတည်းက သိကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့ ပရီဂေါ့ရှင်ဟာ ရှုပ်ထွေးပွေလီတဲ့ ကံကြမ္မာတခုနဲ့ ဘဝမှာ ကြီးလေးတဲ့အမှားတွေ လုပ်ခဲ့ပြီးတော့ သူလိုအပ်တဲ့ ရလဒ်တွေကိုပါ ရရှိသွားခဲ့ကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။
ပရီဂေါ့ရှင်ဟာ အရည်အချင်းရှိတဲ့ စီးပွားရေးသမားတဦး ဖြစ်တယ်လို့လည်း ပူတင်က ဖော်ပြခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ပဏာမ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး အပြည့်အဝနဲ့ အဆုံးအထိ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
စမ်းသပ်မှုတွေမှာ နည်းပညာနဲ့ မျိုးရိုးဗီဇ စစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး အချိန်ခဏလောက်ပဲ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်ခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပျက်ကျရခြင်းနဲ့ပတ်သက်ပြီး မော်စကိုက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
လေယာဉ်ပေါ်မှာ ပရီဂေါ့ရှင်လည်း လိုက်ပါလာကြောင်း လေကြောင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထက် ကျော်လွန်ပြီး ပူတင်ရဲ့မှတ်ချက်တွေ မပေးမချင်း ပရီဂေါ့ရှင်ရဲ့ သေဆုံးမှုကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အချက်အလက်ကို ပဏာမသုံးသပ်ပြီး စစ်ဆေးနေဆဲလို့ ဆိုပေမဲ့လည်း ရုရှားနိုင်ငံအတွင်းက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစင်းဟာ လေယာဉ်ကို ပစ်ချနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်က ယုံကြည်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာကို ပြောပါတယ်။
Source - Reuters