ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားရွာကို စစ်ကောင်စီတပ်တွေရောက်လာတာကြောင့် ဖားကန့်ကို ဆက်မတက်နိုင်အောင် စစ်ရေးအရ ကာမိုင်း-ဖားကန့်လမ်းပိုင်းရဲ့ နေရာ နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)က ပိတ်ဆို့တားဆီးထားလိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သြဂုတ် ၂၃ရက် မနက်ပိုင်းက ကာမိုင်း-ဖားကန့် သွားတဲ့လမ်းကို ကေအိုင်အေက နှစ်နေရာခွဲပြီး ပိတ်ဆို့လိုက်တာကြောင့် ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်ကားတွေပိတ်ဆို့နေတယ်လို့ ဒေသခံ တဦး က ပြောပါတယ်။
သြဂုတ် ၂၂ ရက် တိုက်ပွဲကြောင့် နန့်ယားဂိတ်မှာ ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို စစ်တပ်က ပိတ်ဆို့တားဆီးခဲ့ပြီး အခုမနက်အစောပိုင်းမှ ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့က တိုက်ပွဲဖြစ်လို့ တပ်က အကုန်ပြန်ဆင်းခိုင်းပြီး နန့်ယာဂိတ်မှာ ကားကြီး တွေ အကုန်ပိတ်မိသွားတယ်။ တညလုံးဂိတ်မှာ ပိတ်ထားတာ ဒီနေ့မနက်မှ ပြန်ဖွင့်တယ်”လို့ ပြောပါတယ်။
၂၃ ရက် မနက် လမ်းဖွင့်လိုက်တဲ့အချိန် စစ်တပ်က အရပ်သားကားတွေနဲ့ ဖားကန့်ကို တတ်ဖို့ပြင်နေတာကြောင့် ကေအိုင်အေက ကာမိုင်း-ဖားကန့်လမ်းပိုင်းရဲ့ ကျောက်ထုနဲ့ ဂေါ့လိုယာန် နှစ် နေရာကို ထိန်းချုပ်ပိတ်ဆို့လိုက်လို့ ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေ ထပ်မံပိတ်မိ သွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဖားကန့်ဒေသခံ တဦးက “အခု နန့်ယားဂိတ်အထက်နဲ့ အောက် နှစ်နေရာကို ပိတ်ထားတော့ ဖားကန့်လမ်းက တိတ်ဆိတ် သွားတယ်။ ဘာကုန်မှ မဝင်လာတော့ဘူး။ တိုက်ပွဲဆက်ဖြစ်လို့ လမ်းပိတ် ထားမယ်ဆိုရင် ကုန်စျေးနှုန်းကတော့ ရှိရင်းစျေးထက် တတ်ဖို့ရှိတယ်။ အခုတောင် ကုန်စိမ်းတွေက ပြတ်ချင်နေလို့ စျေးနှစ်ဆဖြစ်နေပြီ”လို့ ပြောပါတယ်။
နန့်ယားမှာ ရောက်နေတဲ့ စစ်ကြောင်းဟာ ဩဂုတ် ၂၂ ရက်က ကာမိုင်းဘက်ကနေ တက်လာတာ ဖြစ်ပြီး ကျောက်ထုကျေးရွာနားမှာ ကေအိုင်အေ ရဲ့ စောင့်ကြို တိုက်ခိုက်ခံရပြီး တနေ့လုံး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။