မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင်ကားလမ်းပိုင်း၊ လိမ္မော်ခြံကျေးရွာအနီးမှာ ခရီးသည်တင် မှန်လုံယာဉ်တစီး ဩဂုတ် ၂၄ ရက် မနက် ၅ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး ခရီးသည် နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
ရန်ကုန်မှ မြိတ်သို့ထွက်ခွာလာတဲ့ ခရီးသည် ၃၃ ဦး လိုက်ပါလာတဲ့ "ရွှေပုလဲသီ" ခရီးသည်တင်ယာဥ်ကို KNU / PDF အဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ယာဥ်လိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ဦးတင်ထွေးနဲ့ မဝါဝါဝင်းတို့ ဒဏ်ရာရခဲ့လို့ ရေးမြို့ ဆေးခန်းမှာ ဆေးကုသမှုခံယူခဲ့ပြီး မြိတ်သို့ ဆက်လက် ထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးသလို စွပ်စွဲခံရတဲ့ KNU / PDF အဖွဲ့တွေဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
သြဂုတ် ၁၅ ရက်ကလည်း ရေး-မော်လမြိုင်လမ်းပိုင်းမှာ ခရီးသည်တင်ယာဥ် တစီး နှစ်ကရင်ကျေးရွာ အောင်သုခ ဆီဆိုင်နားမှာ ပစ်ခတ်ခံရပြီး ခရီးသည် အမျိုးသမီး တယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံကားသမား တယောက်က “အဲဒီကားလမ်းမှာ ဒေသကာကွယ်ရေးတပ်တွေ နေ့တိုင်း စစ်ဆေးနေတာ ရှိတယ်။ ကားတွေ မောင်းတဲ့အခါ သတိထားမောင်းရတာ။ စစ်ဆေးမှု မခံယူသလို ဖြစ်တဲ့အခါ ပစ်ခတ်ခံရတာမျိုးဖြစ်စဥ်ရှိတယ်။ လူထိခိုက်တဲ့ဖြစ်စဥ်လည်းရှိတယ်”လို့ ပြောပါတယ်။
ရေး-သံဖြူဇရပ်-မော်လမြိုင်ကားလမ်းမှာဆိုရင် စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားမှာ ထိတွေ့ တိုက်ပွဲတွေ မကြာခဏဖြစ်ထားခဲ့ပြီး အရပ်သားတွေဟာ ထိခိုက်သေဆုံးမှုဟာ ၅ ယောက်ထက်မနည်းရှိထားပါတယ်။
အဆိုပါလမ်းမှာ ဇွန် ၁၅ ရက်မှ စပြီး KNLA/KNU တပ်မဟာ(၆)၊ တပ်ရင်း(၂၇) က မော်လမြိုင်မှ အမှတ် (၈) လမ်းမကြီးတလျှောက် မော်တော်ယာဥ်တွေကို စစ်ဆေးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ထားပါတယ်။