အာဏာရှင်သည် နေပြည်တော်နှင့် အနီးဆုံးနေရာတွေအထိ တိုက်ခိုက်ခံလာနေရပါသည်။ စခန်းစွန့်ခွာမှုတွေသည် ဤနေရာထိတောင် ရောက်ရှိလာပြီလော။ အိပ်မက်လေလား၊ ပုံပြင်လား၊ အင်တာနက်နှင့် ဘေလ်ရှိ၍သာ မြင်ရကြားရသည်။ အံ့ဩဖွယ်အတိ။ ပြည်သူ့ကျိန်စာ မိခဲ့လေသော အာဏာရှင်သည် မကြာမီ မြန်မာပြည်မှ ဆိတ်သုဉ်းပေတော့မည် ဧကန်ပင်။ ဤအခြေအနေမျိုးသည် သကြားမင်း နတ်ရေကန်ထဲချခဲ့သလို ဖန်ဆင်းပေးလိုက်၍ ရလာခြင်းတော့ မဟုတ်ပါပေ။ အသက်ပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာ၊ စိတ်အနာတရပေါင်းများစွာ၊ ရုပ်ပစ္စည်းပေါင်းများစွာ၊ မျှော်လင့်ချက်ပေါင်းများစွာ၊ ယုံကြည်ချက်ပေါင်းများစွာ ရင်းနှီးခဲ့ရပါတယ်။ ပြည်သူများ၏ စိတ်နှလုံး အေးချမ်းကြည်သာခြင်းနှင့် စားရေရိက္ခာ ပြည့်ဝခြင်းသည် ပြည်သူ့ရှေ့မှောက် အခစား ရောက်လာပေတော့မည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ကတည်းက ပေါ်ထွက်မလာခဲ့သော မြန်မာ့ရောင်နီသည် နေပြည်တော်နှင့် တခေါ်အကွာတွင် ဟေး ခနဲ ညာသံပေးကာ ပွဲသိမ်းတော့မည်လော။
ပြည်သူ့ရောင်နီ ရောက်လုပြီ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် မြန်မာပြည်၏ မှောင်ပျပျ ဒီမိုကရေစီ အလင်းတိုင်ကို မီးမှုတ်ငြှိမ်းသတ်ခံခဲ့ရသည့် အုံ့မှိုင်းလေးပင်သော ဆောင်းနံနက်ခင်းပင်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်ကာ အသိမ်းပိုက်ခံ ရုပ်သံများမှ ပေါ်ထွက်လာသော မနှစ်မြို့ဖွယ် ကြေညာချက်အား ကြက်သေသေကာ နားထောင်နေကြသော ပြည်သူများ၏ ပုံရိပ်များသည် မမြင်ရက်စရာ ကောင်းလှပါသည်။ ခံစားချက်ရှိသော လူတိုင်းအတွက် ဝမ်းတွင်းမှ နှလုံးသားများ ပြုတ်ကျသွားသည့်နှယ်။ ဤသို့ မတရားအနိုင်ကျင့်မှုကို ဘယ်သူလာလို့ ကယ်ပါအံ့နည်း။ ကယ်သူမျှော်နေကြသော ပြည်သူများ၏အဖြစ်သည် သနားဖွယ် အလွန်ကောင်းလှပေတော့သည်။ ယခုလက်ရှိအခြေအနေသည် ယခုလို အချိန်တိုအတွင်း မည်သို့မျှ မမျှော်မှန်းနိုင်သော အနေအထား ဖြစ်ပါသည်။ အပ်တိုတချောင်းတောင် ကိုင်မထားသော မြန်မာပြည်သူများဟာ ယခုလို အင်အားရှိတဲ့ အခြေအနေတရပ် ရလာဖို့ လွယ်ကူခဲ့သည်တော့ မဟုတ်ခဲ့ပါ။ အသက်ပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာ ရင်နှင့်ရင်းသော အဖိုးသားနားများပင်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၏ မှိုင်းမှုန်နေသောမနက်ခင်းသည် ပြည်သူ့ရင်ကို ဟာခနဲ ဗလာကျင်းစေခဲ့သော ဟင်းလင်းပြင်မနက်ခင်းပင်။ ပြည်သူ့ရင်သည် နှလုံးသားကို အနိုင်အထက် ခိုးယူခံခဲ့ရသောကြောင့် ဟာလာဟင်းလင်း။ အသည်းနှလုံးကြီး ဗြုတ်ခနဲ ပြုတ်ကျခဲ့သလို ခံရခက်သော ခံစားချက်ကြီးပင် ဖြစ်ပါသည်။ ဪ ဝဋ်ကြွေးကြီးလှပေစွ။ ကျနော်တို့ ဘာလုပ်ရမလဲ။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ ကျနော်တို့၏ဆန္ဒ၊ ကျနော်တို့၏ အိပ်မက်၊ ကျနော်တို့၏ မျှော်လင့်ချက်၊ ကျနော်တို့၏ အနာဂါတ်၊ ကျနော်တို့မျိုးဆက်ရဲ့ အနာဂတ်တွေကို ညက အခိုးခံလိုက်ပါပြီ။ ဆိုးလှပေစွ။ အနိုင်ကျင့်ခြင်းပင် ဖြစ်ပါသည်။ မည်သို့မျှ လက်ခံနိုင်စရာမရှိ။ မည်သူတွေ ကျနော်တို့ကို လာကယ်မည်လဲ။ အင်အားကြီးသူတွေ ကျနော်တို့ကို လာကယ်မည်လား။ မည်သူကို အားကိုးရမည်နည်း။ ဝမ်းထဲမှာ ဟာ....။
အင်အားကြီးသော၊ နှစ်ပေါင်း ၇ဝ အမြစ်တွယ် လှိုက်စားခဲ့သော၊ လက်နက်ရှိသော၊ ငွေကြေးရှိသော၊ မျိုးဆက်သုံးဆက်၏ စနစ်တကျ အစီအစဉ်ဆွဲ အနိုင်အထက်ပြုမှုသည် ကျနော်တို့အတွက် လက်ခံနိုင်ဖွယ် လုံးဝမရှိပေ။ ကျနော်တို့ပြည်သူများ၏ ဆန္ဒများသည် မထီလေးစားပြုဖွယ် လုံးဝမဟုတ်ပေ။ ကျနော်တို့၏ဆန္ဒသည် သက်ကြီးရွယ်အိုများ၏ဆန္ဒ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ဆန္ဒ၊ နို့တိုက်နေသော သားသည်မိခင်များ၏ဆန္ဒ၊ နာမကျန်းသူ ကိုယ်လက်ထိခိုက်ထားသူများ၏ဆန္ဒ၊ အလွှာပေါင်းစုံ၏ဆန္ဒ ဖြစ်သည်။ ကျနော်တို့၏ဆန္ဒကို လေးစား၊ စောင့်ရှောက်ရန်မှာ အားလုံး၏တာဝန်ပင် ဖြစ်သည်။
ဤအနိုင်ကျင့်မှုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေမည်လား။ ကမ္ဘာ့အဖွဲ့အစည်းများက အမိန့်ထုတ်ကာ နှိမ်နင်းပေးမည်လား။ ခေတ်မီလက်နက်များ၊ ကိုယ်ဖျောက်တိုက်လေယာဉ်များဖြင့် တိတ်တိတ်လေး လာနှိမ်နင်းပေးသွားမည်လား။ ပတ်ဝန်းကျင်နိုင်ငံများက ကူညီရပ်တည်ပေးမည်လား။ နှစ်ပေါင်းများစွာ ခံယူချက်ဖြင့် ရပ်တည်ခဲ့သော လက်နက်ကိုင်တိုင်းရင်းသားများက လာကယ်ကြမည်လား။ ထိုမနက်ခင်းတွင် ကျနော်သည် စူပါမန်းမျှော်နေသော ကလေးငယ်တယောက်နှယ်။ ကယ်တင်ရှင်မျှော်နေမိသည်။ မသန်သူတို့၏ ဘဝ ဆိုးလှပေစွ။ အင်တာနက်ဖြတ်ထားချိန်တွင် အသိမ်းပိုက်ခံ ရုပ်သံတို့ ပြောချင်ရာ ပြောနေသည်ကို ကြက်သေသေ ထိုင်ကြည့်နေကြရသော ငိုရမလို ရယ်ရမလို ပြည်သူတို့၏ဘဝ။ ပြည်သူကို အရူးမလုပ်သင့်ပေ။ ပြည်သူကို မစော်ကားသင့်ချေ။ ပြည်သူဆိုသည်မှာ လေးစားရမည့်၊ အလေးထားရမည့်၊ မြတ်နိုးရမည့်၊ ကာကွယ်ပေးရမည့် သူများ ဖြစ်သည်ဆိုသည်ကို မမေ့သင့်ကြပေ။
မြန်မာပြည် နောက်တကြိမ် ဤသို့မကြုံရစေရန် စိုးရိမ်လာမိသည်။ ဤသို့ဖြင့် ကျနော်၏ စိတ်ကူးများသည် လွတ်လပ်စွာ ပျံသန်းလေတော့သည်။ စစ်တပ်ကို စစ်တပ်နှင့်သာ အနိုင်ယူရမည်။ လက်နက်ကို အားကိုးသူများသည် လက်နက်ကိုသာ ကြောက်ကြသည်။ ကျနော်တို့မကြိုက်သော၊ ကျနော် မသုံးချင်သော လက်နက်ကို အနိုင်ကျင့်သူများ၏ရန် ကာကွယ်ရန်အတွက် ပိုင်ဆိုင်ထားသင့်သည်။ စစ်မှုမထမ်းမနေရစနစ် လိုအပ်နေပြီလား။ စမတ်ကျသော၊ သမာသမတ်ကျသော၊ ပြည်သူတွေ ချစ်မြတ်နိုးလေးစားသော တပ်တော်ကြီး မြန်မာပြည်မှာ လိုအပ်နေပြီလား။ ထိုတပ်တော်ကြီး တည်ထောင်ရန် နှစ်ပေါင်းမည်မျှ လိုအပ်ပါသနည်း။ မျိုးဆက်သုံးဆက်စာ ယစ်မူးနေသော အာဏာရှင်များကို ကျနော်တို့ မည်သို့ယှဉ်ပြိုင်နိုင်ပါအံ့နည်း။ မေးခွန်းများစွာအတွက် အဖြေမဲ့နေခဲ့သော အညတရ ပြည်သူများ၏ ဘဝပါပေ။
နောက်နေ့မှာ ရပ်ကျေးအစည်းအဝေးတခုတွင် စိတ်တူသူတို့ စုမိကြသည်။ အတွေ့အကြုံရှိ ရှေ့မီနောက်မီ စစ်သားဟောင်း ဘကြီးတယောက်ကို မေးမိသည်။ ကျနော်တို့ စစ်ပညာသင်ရမည်လား။ မလိုသေးဘူး။ ဆန္ဒထုတ်ဖော်ရမယ်။ ဟုတ်ပြီ ဆန္ဒထုတ်ဖော်လျှင် ပြည်သူ့အာဏာ ပြန်ရမည်လား။ ပြန်ရနိုင်မည်။ ဟုတ်ပြီ ဘယ်လောက်ကြာကြာ ဆန္ဒထုတ်ဖော်ရမည်လဲ။ ရက် ၂၀။ ခပ်ပြတ်ပြတ် ခပ်ဝဲဝဲ စကားကြောင့် အားတက်သွားမိသည်။ လုပ်သင့်တာ လုပ်ကြရမည်။ ယခုအချိန် ထိုဘကြီးကို သတိရမိသည်။ သေသလား၊ ရှင်သလား မသိရ။ ရှင်နေမည်ဟု ယုံကြည်ပါသည်။ ပြန်ဆုံကြမည် ဘကြီးရေ....။ အတွေ့အကြုံရှိ ဘကြီးက တဆင့်ပြီးတဆင့် အစီအစဉ်ဆွဲ လမ်းညွှန်ပေးခဲ့ကြောင်း ကျနော် နောက်ကျမှ သိခဲ့ရသည်။ အစိမ်းသက်သက် နုနယ်သူများအတွက် ဘကြီးသည် ပြောသင့်သောစကားကို ပြောသင့်သော အချိန်တွင်သာ လိုသလောက်သာ ပြောခဲ့ပေသည်။ ဘကြီးဉာဏ်ကောင်းလေစွ။
သို့နှင့် မြန်မာတနိုင်ငံလုံး ဆန္ဒထုတ်ဖော်ကြသည်။ အင်အားက ကိုယ့်အင်အားကိုယ် ပြန်အံ့ဩရ။ အလွှာများစွာ၊ အရွယ်များစွာ၊ ဝန်ထမ်းများစွာ ဌာနဆိုင်ရာရုံးပေါင်းစုံရှေ့၊ လက်နက်ကိုင်များရှေ့၊ လက်သုံးချောင်းနှင့် ကြွေးကြော်မှုများစွာ။ ငါတို့အနာဂတ် ငါတို့ပြန်ပေး။ ထိုတုန်းကတော့ လက်နက်ကိုင် ဦးလေးကြီးများသည် ချစ်စရာ အင်မတန် ကောင်းလှပါသည်။ မည်သို့မျှရန်မပြု။ ကူညီပါရစေ ဆိုင်းဘုတ်နှင့် မြို့နယ်ဌာန ခြံစည်းရိုးအတွင်းမှ အမျိုးသမီးတယောက်နှင့် ကလေးတယောက် လက်သုံးချောင်းထောင်၍ ကြိုဆိုသည်ကို ဟိုဦးလေးကြီး မမြင်စရာ အကြောင်းမရှိ။ ဆန္ဒထုတ်ဖော်နေသောသူများအထဲမှ အချုပ်ကားထဲ ပါသွားသောသူ ဆယ်ဦးသည် စခန်းအတွင်းက သူတို့အိမ် သူတို့ ပြန်ပို့ခဲ့ရတာ မျက်မြင်ပင်။ ကျေနပ်စွာ ပြုံးမိ။ တို့သည် တစိတ်တဝမ်းထဲသာ။ အောင်ရမည်။
ရက်ဆက်မပြတ် ထွက်သည့်အတွက် အသားအရေများ မဲခြောက်လာသည်။ ထိုအချိန်တွင် မထင်မှတ်သောရက်မှာ ကြေကွဲစရာ သတင်းတခု။ ကောင်မလေးတယောက်။ သူတို့ ခေါင်းကို ပစ်ခဲ့သည်။ တော်သင့်ပြီ။ ဘီလူးကို မေတ္တာစကားပြော၍ မရနိုင်။ သို့နှင့် သို့နှင့် ရက်စက်မှုပေါင်း များစွာက ပြန်တွေး၍ပင် နှလုံးက မခံစားနိုင်။ တို့အတူ လူအများသည် လွတ်မြောက်ရာသို့၊ လွတ်လပ်နိုင်ဖို့၊ ခက်ခဲစွာ၊ ကြမ်းတမ်းစွာ၊ ကြာရှည်စွာ၊ ဆို့နင့်စွာ၊ လွမ်းဆွတ်စွာ၊ အားတက်စွာ၊ ပြတ်တောက်ကာ၊ ပြတ်လပ်စွာ ချီတက်ခဲ့ကြ။
သို့နှင့် ခေတ္တခိုလှုံရာ ရင်ဘတ်တူသူများဆီမှ ဇာတိမြေသို့ ရွှေဧည့်သည်များနှင့်အတူ ခေတ်မီစွာ၊ ပေါ့ပါးစွာ၊ လွတ်လပ်စွာ၊ နွေးထွေးစွာ၊ ပြည့်ဝစွာ၊ အောင်မြင်စွာ ချီတက်ရင်း၊ ချီတက်ရင်း နေပြည်တော်နှင့် တခေါ်အကွာ။
ပြည်သူတွေက သောင်းသောင်းဖြဖြ
ရန်သူတွေက ထောင်းလမောင်းထ။
မြင်နေရပြီ။
ပန်းတိုင်
ဟော.... ဟိုမှာ။ ။
သန့်ကေသာ