မကွေးတိုင်း၊ နတ်မောက်မြို့မှာ သြဂုတ် ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ အဖိနှိပ်ခံ တော်လှန်ရေးအင်အားစု OPRF-PLA ကနေ သိရပါတယ်။
နတ်မောက်မြို့မှာ စစ်ကောင်စီရဲ့ မြောက်ဘက်အဝင် စစ်ဆေးရေးဂိတ် ဘန်ကာကို သြဂုတ် ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ လျက်စားပုလင်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ OPRF-PLA ရဲ့ တာဝန်ခံ ရဲဘော်ကျော်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း သြဂုတ် ၂၂ ရက် မနက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ကမ္မမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပခုက္ကူ-ကမ္မကားလမ်းမှာ သြဂုတ် ၂၂ ရက် မနက် ၈ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သလို လမ်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ သုတက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၂ စီး မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား ၃ ယောက်၊ ရဲ ၂ ယောက်နဲ့ ပျူစောထီး ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိကာ ပခုက္ကူဆေးရုံကို သယ်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီဒဏ်ရာရရှိတဲ့အထဲက စစ်ကောင်စီတပ်သား ၁ ယောက်၊ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် သေဆုံးတယ်လို့ အတွင်းသတင်းရရှိပြီး မိုင်းထိမှန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ ဖောကား ၁ စီးနဲ့ ၆ ဘီးကားတစီးကိုတော့ မြိုင်ပကဖက သိမ်းယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ ပခုက္ကူသူရိန်တပ်ဖွဲ့၊ Black Cobra တပ်ဖွဲ့၊ ပခုက္ကူ-PPDF နဲ့ ဓားမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ ကြာပင်အိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဩဂုတ် ၂၃ ရက် မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ရေဦးမြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကြောင်းက မနက် ၄ နာရီလောက် ထိုးလာတာ ဖြစ်မယ်ဗျ။ အိပ်ချိန်လည်း ကောင်းကောင်း မအိပ်ရပါဘူးဗျာ။ သူတို့ထွက်လာပြီဆိုကတည်းက ကျနော်တို့ ဒေသခံတွေကတော့ ထွက်ပြေးရတာပဲ။ သူတို့တက်လာမယ့် လမ်းကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြိုတင် မိုင်းထောင်ပြီး အသင့်စောင့်တိုက်တာနေမယ်။ ကျနော်တို့ ရွာအပြင်ရောက်လို့ မနက်မိုးလင်းသေးဘူး ပေါက်ကွဲတဲ့အသံ ကြားရတယ်။ အဲလို ပေါက်ကွဲအသံကြားပြီးနောက် နှစ်ဖက်ပစ်ကြတာ ထင်တယ်။ လက်နက်မျိုးစုံ ပစ်သံတွေ ဆူညံနေအောင်ကို ကြားရတယ်။”
အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့စုံက ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ခင်ဦးမြို့နယ် LPDF ခေါင်းဆောင်တဦးက “အရင်ဆုံး အလစ်အငိုက် ခံလိုက်ရတယ်လို့ ပြောလို့ရတယ်ဗျ။ သူတို့ထင်မှတ်မထားတဲ့ နေရာကနေ ကျနော်တို့ တော်လှန်ရေးအင်းအားစုတွေက မိုင်း ၂ လုံးထောင် ကြိုတင်စောင့်နေတာ။ မိုင်းကွင်းထဲရောက်တာနဲ့ မိုင်းအရင်ဆွဲတိုက်တယ်။ နောက်တော့ လက်နက်ငယ်တွေနဲ့ ကျနော်တို့ဘက်က ဝိုင်းညှပ်ပစ်တာ။ အသေကတော့ ၅ ယောက် အထက်မှာ ရှိမယ်ဗျ။ ဒဏ်ရာရသူတွေလည်း များတယ်။ သူတို့ဘက်က ကျည်ဆန်နဲ့ လက်နက်အင်အားက ကိုယ့်ထက်သာတော့ ကျနော်တို့ အပိုင်ပစ်ခတ်ပြီး နောက်ဆုတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကြာပင်အိုင်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့တာကြောင့် အိမ်ခြေအလုံး ၂၀ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ကြာပင်အိုင်ရွာကို မီးရှို့ပြီး ရွှေဘိုမြို့နယ်ဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းမြို့နယ်မှာတော့ ထန်းကြီးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂၃ ရက် နေ့လယ် ၁၂ နာရီမှာ မီးရှို့ခဲ့တယ်လို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။
ကျွန်းဦးတောရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ခက်ခရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေက သြဂုတ် ၂၂ ရက် ညနေပိုင်းက ထန်းကြီးဘူတာကို ဝင်ရောက်လာပြီး သြဂုတ် ၂၃ ရက်မှာ ထန်းကြီးရွာကို မီးရှို့နေတာလို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက ဆိုပါတယ်။
“စစ်ကိုင်းမြို့နယ်က စမွန်း၊ ခက်ခ၊ ကျွန်းဦးတော၊ ဝက်လက်နယ်က ထန်းကြီးရွာတို့ကို တပ်ဖြန့်ချထားပြီး ရထားပြေးဆွဲဖို့ ကြိုးစားနေတာ” လို့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက သြဂုတ် ၂၁ ရက် မနက်ပိုင်းကလည်း ကျွန်းဦးတောရွာကို မီးရှို့ခဲ့ပြီး မိုးရွာနေတာကြောင့် နေအိမ် ၄ လုံးပဲ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်ထဲကရွာတွေမှာ တပ်ဖြန့်ချထားပြီး ရွာတွေကို မီးရှို့နေတာကြောင့် စစ်ကိုင်းမြောက်ခြမ်းနဲ့ ဝက်လက်နယ် တောင်ခြမ်းအစပ် သံလမ်းဘေး ရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။