ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ ဦးပါညောင် ၁ လမ်းက နေအိမ်တအိမ်မှာ မီးကြိုးဖြတ်ခိုးသူကို ဩဂုတ် ၂၄ ရက် ဒီနေ့မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၄ နာရီက ကွမ်းခြံကုန်းကျေးရွာ၊ ဦးပါညောင် ၁ လမ်းက နေအိမ်တအိမ်ကို အမျိုးသားတဦးက မီးကြိုးဖြုတ်ခိုးနေလို့ ပတ်ဝန်းကျင်က ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာ စစ်ကောင်စီတပ်ပါ လိုက်ပါလာပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“သူခိုးက ရဲတွေကို ငှက်ကြီးတောင်နဲ့ ခုတ်မယ်လုပ်လို့ စစ်တပ်က သေနတ်နဲ့ပစ်ပြီး ဖမ်းသွားတာ။ ခြေထောက်ကို ထိသွားတယ်။”
သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရသူမှာ သန့်ဇော်ဦး (ခ) ဆံရှည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ငှက်ကြီးတောင်ဓား၊ ဖြတ်ယူထားတဲ့ မီးကြိုးခွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ သန့်ဇော်ဦး(ခ)ဆံရှည်ကို သန်လျင်မြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သန်လျင်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆိုင်ကယ် လုယက်ခံရတာတွေ၊ နေအိမ် ဖောက်ထွင်းခံရတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။