မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းနဲ့ ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတား အပေါ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ဗိုလ်ဝင်းစိုးကို ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ် ၂၄ ရက် မနက် ၇ နာရီခွဲလောက်မှာ Mark 2 အဖြူရောင်ကား မောင်းနှင်လာတဲ့ BGF ဗိုလ်ဝင်းစိုးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နဲ့ ဝေါပကဖ ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် BGF ဗိုလ်ဝင်းစိုး မောင်းနှင်လာတဲ့ကားဟာ လမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါတဲ့ BGF ဗိုလ်ဝင်းစိုးနဲ့ မယားငယ်ဖြစ်သူတို့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “BGF ဗိုလ်ဝင်းစိုးက စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကျိုက်ထိုမြို့နယ်ထဲမှာ ဗိုလ်ကျနေတာ။ သူပစ်လို့လည်း ဒေသခံ ၁ ဦး သေဆုံးဖူးတယ်။ ဒါကို အချိန်တခုစောင့်ဆိုင်းပြီး လက်တုံ့ပြန်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသွားတဲ့ BGF ဗိုလ်ဝင်းစိုးဆီကနေ သေနတ် ၂ လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင် စိစစ်ရေးကတ်၊ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်တို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
BGF ဗိုလ်ဝင်းစိုးဟာ ကျိုက်ထိုမြို့နယ်အတွင်း ကိုယ်တိုင် လောင်းကစားဝိုင်းပြုလုပ်တာ၊ စစ်ကောင်စီရဲတပ်ဖွဲ့ထံ သတင်းပေးတာ၊ ဒေသခံတဦးကို သေနတ်နဲ့ပစ်သတ်တာ၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်တယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီနဲ့ ပူးပေါင်းပြီး သောင်နုမြေ ဧက ၃၀၀ သိမ်းယူတာ၊ ရွာသားတွေဆီကနေ လယ်ယာမြေတွေကို ဈေးနှိမ်ဝယ်ယူတာ၊ ကျေးရွာတွေမှာ လျှပ်စစ်မီးဖြတ်တောက်တာ၊ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်နေသူ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့ရဲ့ ထောက်တိုင်ဖြစ်သူတွေကို တော်လှန်ရေး အင်အားစုတွေက မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။