ထိုင်းနိုင်ငံ၊ စမွတ်စခွန်မြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း ဆီတင်သင်္ဘော ပေါက်ကွဲပြီး သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ၇ ဦးအနက် ၄ ဦးကို နစ်နာကြေးပေးအပ်ခဲ့တယ်လို့ သြဂုတ် ၂၃ ရက်မှာ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
မဲခေါင်မြစ်ခွဲအတွင်းမှာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဖို့ ရပ်ထားတဲ့ Smoosh Sea C-22 ဆီတင်သင်္ဘောကို ဇန်နဝါရီ ၁၇ ရက်က အလုပ်သမား ၃၀ ခန့်နဲ့ ဂဟေဆော်လုပ်ငန်း ဆောင်ရွက်နေစဥ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်တွေကတဆင့် ပေါက်ကွဲခဲ့ပြီး မြန်မာလုပ်သား ၇ ဦး သေဆုံးခဲ့တာပါ။
သေဆုံးခဲ့တဲ့ အလုပ်သမား ၇ ဦးအတွက် နစ်နာကြေးရရှိဖို့ အလုပ်သမားသံအရာရှိတွေက လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူတွေ၊ မိသားစုဝင်တွေနဲ့ ဖေဖော်ဝါရီ ၉ ရက်နဲ့ သြဂုတ် ၂၇ ရက်တို့မှာ စမွတ်စခွန်ခရိုင် လူမှုဖူလုံရေးရုံးမှာ နှစ်ကြိမ်တွေ့ဆုံခဲ့သလို စာရွက်စာတမ်း ကိစ္စတွေအတွက် မဲဆောက်မြို့ လူမှုဖူလုံရေးရုံးမှာ ဇွန် ၆ ရက်က တွေ့ဆုံခဲ့တယ်လို့ မြန်မာ့အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့တဲ့ အလုပ်သမား ၇ ဦးထဲက စာရွက်စာတမ်းပြည့်စုံတဲ့ သေဆုံးလုပ်သမား ၄ ဦးရဲ့ မိသားစုဝင်တွေကို သြဂုတ် ၂၂ ရက်က စမွတ်စခွန်ခရိုင် လူမူဖူလုံရေးရုံးမှာ နစ်နာကြေး စုစုပေါင်း ဘတ် ၂ သန်းနီးပါး ပေးဆောင်ခဲ့ပါတယ်။
ကျန်ရှိတဲ့ သေဆုံးမိသားစု ၃ စုအတွက်လည်း နစ်နာကြေး အမြန်ဆုံးရရှိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာ့အလုပ်သမား သံအရာရှိရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo.အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office