လုံခြုံရေးအားကောင်းတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်မှာ သြဂုတ် ၂၃ ရက် မနက်အစောပိုင်းက အမျိုးသား ၅ ယောက်က နေအိမ်တအိမ်ကနေ ငွေ ၁ သိန်းနဲ့ ဆန်တွေ လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ မနက် ၃ နာရီကျော်က ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းက အမျိုးသမီး တယောက်နဲ့ ကလေးတွေသာ နေထိုင်တဲ့အိမ်ကို အမည်မသိ အမျိုးသား ၅ ယောက်က ဝင်ရောက်လုယက်ခဲ့တာလို့ အဆိုပါရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒက္ခိဏသီရိမြို့ပေါ်ရပ်ကွက်မှာ ဖြစ်တာ၊ ဘုရားမှာ စစ်တပ်ရော ရဲရော ထောက်လှမ်းရေးရော ချထားတာ၊ အနီးအနားမှာ လုယက်မှုဖြစ်တာတောင် မသိဘူး၊ ပစ္စည်းတွေပဲ ယူသွားပြီး လူမသတ်သွားလို့ တော်သေးတယ်။”
လုယက်ခံရမှုမှာ အိမ်ရှင်အမျိုးသမီးထံက ဖုန်း ၁ လုံး၊ ငွေ ၁ သိန်း၊ အဝတ်အစားတွေနဲ့ ဆန် ၁၀ ပြည် ယူသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မယောင်ရာကို ဆီမလူးစေချင်ဘူး။ ၈၁ ပေရှိတဲ့ ဘုရားကို ဘယ်သူမှလာမခိုးဘူး။ မျက်နှာရရေးအတွက် ဘုရားမှာ စုပြုံနေတာထက် မြို့နဲ့ ရပ်ကွက်ကို စောင့်ကြည့်သင့်တယ်။ ဆန်ပါယူသွားတယ်ဆိုတော့ နေပြည်တော်မှာ ငတ်နေတဲ့သူတွေ ရှိတယ်ဆိုတာ ငြင်းလို့မရဘူး။”
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒက္ခိဏသီရိမြို့မရဲစခန်းကို ကာယကံရှင်ဖြစ်သူ တိုင်ကြားထားပေမဲ့ ရဲတွေက အမှုရေးမှတ်ထားပြီး မာရဝိဇယဘုရားမှာသာ အချိန်ကုန်နေတယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒက္ခိဏသီရိရပ်ကွက်မှာ မာရဝိဇယဘုရား စတင်တည်ဆောက်စဥ်မှ ဘုရားပြီးသွားတဲ့အထိ နေအိမ်အတွင်း ဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူတာ၊ ဖုန်းဝင်ခိုးတာတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ သိရပါတယ်။
ဒက္ခိဏသီရိမြို့နယ်ဟာ ဒက္ခိဏသီရိရပ်ကွက်၊ ထန်းတပင်ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာ ၂၈ ရွာ ဖွဲ့စည်းထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။