စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အတွက် လက်နက်နဲ့ ရိက္ခာ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသား သုံးယောက်ကို အင်းတော်မြို့နယ် စစ်ခုံရုံးက သြဂုတ် ၁၈ ရက်မှာ သေဒဏ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက "သူတို့တွေက ပြီးခဲ့တဲ့ ဧပြီလပိုင်းနဲ့ ဇွန်လပိုင်းက အဖမ်းခံထားရတာ။ သြဂုတ်လ ၁၈ ရက်နေ့မှာ အင်းတော် စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်တာ။ သူတို့က PDFကို လက်နက်ရိက္ခာ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာ။ အားလုံးပေါင်းလေးယောက်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ ကိုဇော်မျိုးထွန်းကို အင်းတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ကာ ဇွန်လပိုင်းမှာတော့ ထီးချိုင့်မြို့နယ်ကလာတဲ့ ကိုကျော်စွာဝင်း(ခ)ကိုကျော်စွာ၊ မမြင့်မြင့်အေး(ခ)အေးအေးတို့နှစ်ဦးနဲ့ အင်းတော်မြို့နယ်နေ ကိုအောင်ကျော်ကျော်မိုး(ခ)လားလား တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နှင့် ၅၂ (ခ) တို့နဲ့ သေဒဏ်ချမှတ်ခဲ့လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာလည်း ဖော်ပြပါတယ်။
အင်းတော်မြို့နယ်မှာ သြဂုတ် ၁၅ ရက်ကလည်း PDF ထောက်ပံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံအမျိုးသား နှစ်ယောက်ကို စစ်ခုံရုံးက ပုဒ်မ (၅၀)ည ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ဂ)နဲ့ ထောင်တသက် ချမှတ်ခဲ့ပါသေးတယ်။
အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က မြို့တွင်း မြို့ပြင် သွားလာနေတဲ့ မော်တော်ယာဉ် စီးနင်းသူတွေရဲ့ တယ်လီဖုန်းတွေကို စစ်ဆေးကာ သြဂုတ်လပိုင်းအတွင်း အမျိုးသား အမျိုးသမီး ၆ ယောက် ထက်မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။