ရုရှားကြေးစားတပ်ဖွဲ့ဝဂ္ဂနာရဲ့ ခေါင်းဆောင် ယဲ့ဗ်ဂနီပရီဂိုရှင် ခရီးသည်အဖြစ် လိုက်ပါလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစီးဟာ ဩဂုတ် ၂၃ ရက်က မော်စကိုရဲ့မြောက်ဘက်မှာ ပျက်ကျသွားခဲ့ပြီး အသက်ရှင်သူ မရှိကြောင်း ရုရှားလေကြောင်းအာဏာပိုင်ဌာန ရိုဆာဗီယက်ရှာ ကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြပါတယ်။
ဗားရ်ဒေသမှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ အမ်ဘရဲရ်လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခရီးသည်စာရင်းထဲမှာ ယဲ့ဗ်ဂနီပရီဂိုရှင်ရဲ့ နာမည်နဲ့ မျိုးရိုးအမည်လည်း ပါရှိနေကြောင်း ရိုဆာဗီယက်ရှာ လေကြောင်းက ပြောကြားခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဝန်ထမ်း ၃ ဦးနဲ့ ခရီးသည် ၇ ဦး တို့ရဲ့ အမည်စာရင်း ထုတ်ပြန်ရာမှာ ပရီဂိုရှင်နဲ့အတူ ဝဂ္ဂနာအဖွဲ့ တပ်မှူး ဒီမီထရီ အပ်ထ်ကင်လည်း လိုက်ပါခဲ့ကြောင်း သိရှိရပါတယ်။
ရုရှားနိုင်ငံမော်စကိုမြို့ မြောက်ဘက် ဗားရ်ဒေသရှိ ကူချန်ကီနို ကျေးရွာအနီးမှာ ပျက်ကျခဲ့ကြောင်း ရုရှားနိုင်ငံရဲ့ အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဂျက်လေယာဉ်ဟာ ခရီးသည် ၇ ဦးနဲ့ အမှုထမ်း ၃ ဦးကို တင်ဆောင်ပြီး မော်စကိုမှ စိန့်ပီတာစဘတ်ကို ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ပရီဂိုရှင် လိုက်ပါလာတဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ကရင်မလင်နန်းတော်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့က ချက်ခြင်း မှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။
Source - Reuters