ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် "U12 Junior Soccer World 2023" ပြိုင်ပွဲကို ဝင်ယောက်ယှဥ်ပြိုင်မယ့် မြန်မာယူ-၁၂ အသင်းဟာ သြဂုတ် ၂၃ မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
မြန်မာယူ-၁၂ အသင်းနဲ့ တအုပ်စုထဲကျရောက်နေတဲ့ ဘာစီလိုနာယူ-၁၂ အသင်းကလည်း စပိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ မနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး မြန်မာယူ-၁၂အသင်းနဲ့ ဘာစီလိုနာယူ-၁ ၂အသင်းတို့ရဲ့ပွဲစဥ်ကို သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ညနေ ၃ နာရီ အချိန်မှာ Daiwa House Dream အသင်းနဲ့ကစားရမှာဖြစ်သလို၊ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဂျပန်ကလပ် ဂျေအီးအက်ဖ်နဲ့ပွဲစဉ်ကတော့ သြဂုတ် ၂၅ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တို့မှာ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံက ကိုင်တွယ်သွားမှာဖြစ်ပြီး ပမာဏကစားသမား ၄၀ ကနေ ဆန်ခါတင်ကစားသမား ၂၅ ဦး၊ အဲဒီကနေတဆင့်ကစားသမား ၁၈ ဦး ကို ရွေးချယ်ပြီး သုဝဏ္ဏအားကစားကွင်း လက်ရွေးစင်များ အဆောင်မှာထားရှိကာစခန်းသွင်း လေ့ကျင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
“U12 Junior Soccer World Challenge” ပြိုင်ပွဲကို ၂၀၁၃ က စတင်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက ၅ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။