ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ စည်ပင်က လိုင်စင်မဲ့ဆိုက်ကားနဲ့ ဆိုင်ကယ်ဘေးတွဲတွေကို ဓာတ်ပုံရိုက်ပြီး ပိုင်ရှင်ဖြစ်သူရဲ့ ဖုန်းနံပါတ်နဲ့တွဲကာ မှတ်တမ်းရယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က လိုင်စင်မဲ့ဆိုက်ကားနဲ့ ဘေးတွဲတွေကို တွေ့တာနဲ့ ဖမ်းဆီးသိမ်းယူတာရှိပေမဲ့ အခုနောက်ပိုင်း မှတ်တမ်းယူတာတွေ လုပ်လာတာလို့ သင်္ဃန်းကျွန်းမြို့နယ်မှ ဆိုက်ကားနင်းသူတဦးက ပြောပါတယ်။
“ဒီရက်ပိုင်းတွေမှာ မှတ်တမ်းယူနေတာ။ ဘာလုပ်ဖို့လဲဆိုတာ မသိရဘူး။ ပြောလည်းမပြောဘူး။ ဖမ်းချင်လည်း ဖမ်းမယ်၊ အာမ မခံဘူးလို့တော့ပြောတယ်။”
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ နေထိုင်သူတဦးကတော့ အခုရက်ပိုင်း ဆိုင်ကယ်၊ ဆိုက်ကား၊ လျှပ်စစ်စက်ဘီးနဲ့ ဘေးတွဲလိုက်ဖမ်းတာတွေ သိပ်မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
“သတင်းပေးအနေနဲ့ မွေးမလို့ လုပ်နေတာလို့လည်း ကြားတယ်။ အရင်လိုတော့ အဖမ်းအဆီး မများတာတော့ သတိထားမိတယ်။”
ဖမ်းဆီးခံရတဲ့ဘီးတွေကို အရင်လို ပြန်ရွေးခွင့်မပေးတော့ဘဲ အပြီးသိမ်းဆည်းတဲ့အတွက် နစ်နာဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသူတချို့က ဆိုပါတယ်။
ရန်ကုန်မှာ ဘတ်စ်ကားတွေ အချိန်လျှော့ပြေးဆွဲတာ၊ ယာဥ်စီးခမြင့်တာနဲ့ အထွေထွေ အကျပ်အတည်းကြောင့် ဆိုင်ကယ်နဲ့ လျှပ်စစ်ဘီး စီးနင်းအသုံးပြုသူတွေလည်း များလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။