စစ်ကိုင်းတိုင်း၊ ကသာမြို့ အမှတ် ၁ ရဲစခန်း သြဂုတ် ၂၃ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၁ ရဲစခန်းဝင်းအတွင်းက ရဲဝန်ထမ်းလိုင်းခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် နယ်ထိန်းတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတဦးက “မနက် ၆ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရတာ။ ဝန်ထမ်းလိုင်းခန်းဘက်ကို နှစ်လုံးကြဲသွားတယ်။ ကျနော် သိရသလောက်ကတော့ ၃ ဦးရှိတယ်။ နယ်ထိန်းတယောက် ပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာအဆင့်ဝန်ထမ်းလဲ မသိဘူး။ အထဲမှာလည်း ဆူညံသွားတာပဲ၊ ဒဏ်ရာအတော်ပြင်းလို့ အရေးပေါ်တင်လိုက်ရတယ် ကြားတယ်” လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တဲ့ အတွက် လူနာတင်ယာဉ်တွေနဲ့ ကသာမြို့ဆေးရုံကို ပို့ဆောင်ထားခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း ကသာမြို့အဝင်က စစ်ကောင်စီ စုပေါင်းစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။