စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အခုရက်ပိုင်းတွင်း ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၁၉ ရက်ကစပြီး ၂၁ ရက် ညနေပိုင်းအထိ ကလေးမြို့ အရှေ့ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အောင်သစ္စာနဲ့ အောင်မင်္ဂလာရပ်ကွက်မှာ ဓားပြတိုက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ဓားပြတိုက်သူတွေဟာ လမ်းမပေါ်မှာ တားတိုက်တာ၊ အိမ်တွေထဲထိ ဝင်တိုက်တာတွေ ပြုလုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဓားပြတိုက်တဲ့သူတွေမှာ လက်နက်တွေ၊ ဗုံးတွေ ပါတယ်လို့ သိရပြီး တချို့က ဓားထောက်တာတွေလည်းရှိပြီး ကား ၂ စီးနဲ့ အိမ်တွေထဲ ဝင်တိုက်တာရှိသလို ဆိုင်ကယ်နဲ့လာပြီး အိမ်ထဲဝင်တိုက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေကတော့ မင်းရဲကျော်စွာလမ်းမပေါ် မဟာသံသာရုံ ဘုန်းကြီးကျောင်းရှေ့က လမ်းမပေါ်မှာတကြိမ်၊ ဘုရင့်နောင်လမ်းမပေါ်က မနု၊ မပေါက်ကုန်စုံဆိုင်၊ စကားလှတောင်ဘက် ဂရုဏာရုံး မျက်စောင်းထိုးက အမျိုးသမီးတွေနေတဲ့အိမ်၊ ဒေါ်အေး(၂) မုန့်တီဆိုင်လမ်းကြားက နေအိမ်၊ ဒကစအနီးက ဖြိုးဖြိုးကြွယ် ကုန်စုံဆိုင်တွေ ဖြစ်ပါတယ်။
ဓားပြတိုက်ခိုက်ရတဲ့ နေအိမ်တချို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိကြသလို ဘယ်လောက်ပါသွားတယ် ဆိုတာလည်း ပြောဆိုတာတွေ မရှိပါဘူး။
ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အပေါ် ကလေးမြို့ခံတဦးက “မြို့ခံတွေကတော့ စိုးရိမ်ကြတာပေါ့။ လမ်းမပေါ်တွေကစ ဓားပြတိုက်တယ်။ အိမ်ထဲတွေ ဝင်တိုက်တယ်။ ကိုယ့်ရှိတဲ့ ပစ္စည်းဥစ္စာတောင် စိတ်မချကြရဘူး” လို့ ပြောပါတယ်။
ဓားပြတိုက်တဲ့အမှုတွေ ဆက်တိုက်ဖြစ်လာတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က စစ်ဆေးဖမ်းဆီး စောင့်ကြည့်အရေးယူတာတွေ မရှိသလို ဓားပြတိုက်ခံရတဲ့ နေအိမ်တွေကလည်း တိုင်ကြားတာတွေ မရှိကြဘူးလို့ သိရပါတယ်။
တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက “နေ့ခင်းကြီး ဓားပြတိုက်တာ စဉ်းစားကြည့်ဗျာ။ ကျနော်တို့ PDF တွေက မြို့ထဲကို ကားနဲ့ဝင်လို့ ရပါ့မလား။ သူတို့အချင်းချင်းပဲ ရိုက်စားလုပ်နေကြတာ။ တိုက်ခံရတဲ့နေအိမ် အများစုကလည်း သူဌေးအိမ်တွေချည်းပဲ” လို့ ပြောပါတယ်။
ဓာတ်ပုံ - မင်းရဲကျော်စွာလမ်းမပေါ် မဟာသံသာရုံ ဘုန်းကြီးကျောင်းရှေ့