ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါလေကျေးရွာတောင်ဘက်မှာ သြဂုတ် ၂၂ ရက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဝေါလေရွာသူ သားအမိ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
သြဂုတ် ၂၂ ရက် မနက် ၈ နာရီလောက်မှာ ဝေါလေကျေးရွာနေ အသက် ၄၀ အရွယ် နော်ဖားကလေးနဲ့ သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် နော်ဖော်အယ်တို့ဟာ ဝေါလေရွာနဲ့ မနီးမဝေးမှာရှိတဲ့ ပြောင်းစိုက်ခင်းကို သွားရောက်စဥ် လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုးမိပါတယ်။
စစ်ကောင်စီတပ်သားတွေက သားအမိနှစ်ဦးကို လှမ်းခေါ်ခဲ့ရာ ကြောက်လန့်တာကြောင့် ထွက်ပြေးကြရာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဝေါလေကျေးရွာ ဒေသခံတဦးက “ပြောင်းဖူးခင်းသွားတဲ့အချိန်မှာ ပစ်ခတ်လိုက်တာပါ။ ဒေသခံမှန်း သိသိကြီးနဲ့ ပစ်ခတ်လိုက်တာလား၊ မသိဘဲနဲ့ ပစ်ခတ်လိုက်တာလားဆိုတာ ကျမတို့လည်း သေသေချာချာ မသိပါဘူး။ အမေကတော့ ပေါင်ကိုဖောက်ဝင်တဲ့ဒဏ်ရာ ရခဲ့တယ်၊ သမီးကတော့ လက်ကိုထိခဲ့ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ သူတို့ကို ဝေါလေပြည်သူ့ဆေးပေးခန်းမှာ ကုသနေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာခံ ခြံစိုက်ပျိုးသူ ၂ ဦးကို ပစ်ခတ်လိုက်တာကြောင့် ရွာအပြင်မှာ ခြံစိုက်ပျိုးနေထိုင်သူတွေလည်း မနေထိုင်ရဲဘဲ ရွာထဲမှာ လာပြန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝေါ်လေကျေးရွာနားမှာရှိတဲ့ ဝေါ်လေဗျူဟာကုန်းမှာ တပ်ရင်း ၅၆၅ က စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်ဟာ ဝေါလေကျေးရွာနားမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မကြာခဏ ကင်းလှည့်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဝေါလေကျေးရွာအပြင်မှာ စစ်ကောင်စီဘက်က ထောင်တဲ့ မြေမြှုပ်မိုင်းကြောင့် ရွာခံခြံသမား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။