တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တောင်အာဖရိကသမ္မတ စီရေးရာမာဖိုဆာဆီက Order of South Africa ဂုဏ်ပြုဘွဲ့တံဆိပ်ကို တောင်အာဖရိကနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် ပရီတိုးရီးယားမှာ သြဂုတ် ၂၂ ရက်က လက်ခံရရှိခဲ့ပါတယ်။
ဒီဘွဲ့တံဆိပ်ဟာ အရေးပါပြီး ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေရဲ့ အကြီးအကဲတွေကို ပေးအပ်တဲ့ တောင်အာဖရိကရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုလည်း ဖြစ်ပါတယ်။
၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနဲ့ တရုတ်-အာဖရိက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ရာမာဖိုဆာနဲ့အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မယ့် ရှီက တောင်အာဖရိကနိုင်ငံကို သွားရောက်လည်ပတ်ချိန် ရာမာဖိုဆာနဲ့ တွေ့ဆုံပြီးတဲ့နောက် ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့တာပါ။
“သမ္မတ ရှီကျင့်ဖျင်ဟာ တောင်အာဖရိက နိုင်ငံတော်ဘွဲ့တံဆိပ်ရဲ့ လေးစားစရာကောင်းတဲ့ အဖွဲ့ဝင်တဦးအဖြစ် ဂုဏ်ပြုခံရပါမယ်။ တောင်အာဖရိက ပြည်သူတွေက သမ္မတ ရှီကျင့်ဖျင်ကို အလေးပြုပါတယ်” လို့ ရာမာဖိုဆာက ပြောခဲ့ပါတယ်။
နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုကို သင်္ကေတပြုတဲ့ ဂုဏ်ပြုဘွဲ့တံဆိပ်ကို တန်ဖိုးထားမယ်လို့ ရှီက ပြောခဲ့ပါတယ်။
“သမ္မတ ရာမာဖိုဆာက တောင်အာဖရိကနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးကို အကြီးအကျယ် အလေးထားသလို တောင်အာဖရိကပြည်သူတွေနဲ့ တရုတ်လူမျိုးတွေကြား ချစ်ကြည်ရင်းနှီးမှုကို အလေးထားကြောင်း ပြသတဲ့အနေနဲ့ တောင်အာဖရိကရဲ့ ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့တာ” လို့ ပြောခဲ့ပါတယ်။
Source - Reuters