ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေကို အခြေခံရုံးလုပ်ငန်းသင်တန်း ပေးအပ်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်ဖို့ အတွက် အခြေခံရုံးလုပ်ငန်းသင်တန်းတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မင်းတပ်မြို့နယ်ရဲ့ တိုက်နယ် ၉ ခုထဲက မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုက်နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အယောက် ၂၅၀ နီးပါးကို သင်တန်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မင်းတပ်မြို့နယ် ပအဖအဖွဲ့မှ ဆလိုင်းယောမာန်က “ကျေးရွာအလိုက် တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် လိုအပ်တဲ့ skill တွေကို ပို့ချပေးခဲ့တာပါ။ တိုက်နယ်တခုချင်းစီမှာ သင်တန်းတွေပေးခဲ့တယ်။ အခုက တိုက်နယ်တခုလုံး ပြီးသွားပါပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကလည်း မင်းတပ်မြို့နယ်မှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနဲ့ လူသားစာနာထောက်ထားရေး စတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့အတွက် ချင်းအမျိုးသားကောင်စီ မင်းတပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။