ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ဒီးမော့ဆိုမြို့နယ်ဘက်ကိုဝင်တဲ့ လမ်းကြောင်းတွေမှာ ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားပြီး ပစ္စည်းသိမ်းဆည်း ယူတာတွေကြောင့် စစ်ရှောင်တွေ ဆန်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ မြေပြင်ပရဟိတအဖွဲ့တွေက ပြောပါတယ်။
လွိုင်ကော်မြို့နယ်ထဲက ထေးငှားလျားဂိတ်နဲ့ ဘုရားဖြူကျေးရွာဂိတ်တွေမှာ ကားတွေကို စစ်ဆေးတာ၊ ထောက်ခံစာမပါရင် ပြန်လှည့်ခိုင်းတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ဆန်၊ ဆေးဝါး၊ အဝတ်အထည်နဲ့ အိမ်ဆောက်ပစ္စည်း သယ်ယူမှုတွေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။
စစ်ရှောင်ထောက်ပံ့သူတွေမဟုတ်ဘဲ စျေးလာရောင်းတဲ့ ကားတွေကိုတောင် ငွေကြေးကောက်ခံတာ၊ ပစ္စည်းသိမ်းယူတာတွေ လုပ်တဲ့အတွက် စျေးရောင်းသူတွေ မလာတော့လို့ စစ်ရှောင်တွေဟာ ပိုက်ဆံရှိလည်း ဝယ်မစားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။
ကုန်ပစ္စည်းတင်ပို့သူတဦးက “ကားသေးဆိုရင် ကားအမိုးဘောင် မကျော်ရဘူး၊ တားမြစ်ပစ္စည်းမပါရဘူး၊ ငွေကြေး တောင်းသလောက်ပေးရတယ်။ ကားတစီးကို ၅ သောင်းကစပြီး တိုးတောင်းတဲ့အတိုင်း ပေးရပါတယ်” လို့ ပြောပါတယ်။
ကုန်ပစ္စည်းသယ်ယူရ မလွယ်တာကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ၁၀ ခုကျော်မှာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။