မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ သြဂုတ် ၂၂ ရက် အစောပိုင်းက ယာဉ်မတော်တဆမှုတခု ဖြစ်ပွားခဲ့ရာမှာ မက္ကဆီကန် ၁၅ ဦးနဲ့ ဗင်နီဇွဲလား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း မက္ကဆီကိုနိုင်ငံရှိ INM ရွှေ့ပြောင်းနေထိုင်ရေး အင်စတီကျုမှ တာဝန်ရှိသူတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မက္ကဆီကိုနိုင်ငံ မီယာဟွက်တ်လန် - ကွိုက်စ် လာဟွာကာ အဝေးပြေးလမ်းမမှာ ခရီးသည် ၅၂ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားပေါ်မှာ ဗင်နီဇွဲလားမှ ခရီးသည် ၁၀ ဦး ပါဝင်ကြောင်း INM က ပြောကြားခဲ့ပြီး သူတို့ဟာ အမေရိကန်ပြည်ထောင်စုကို တရားဝင် ဝင်ရောက်ခွင့် ကြိုးစားဖို့ ချိန်းဆိုမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
မနက်အစောပိုင်းမှာ ဘတ်စ်ကားဟာ နောက်တွဲယာဉ်တစီးနဲ့ တိုက်မိခဲ့ပြီး ခရီးသည် ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်မှာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ပွေဘလာပြည်နယ်မှ တာဝန်ရှိသူတွေက သီးခြားထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက ၉ ဦးဟာ ဗင်နီဇွဲလားနိုင်ငံသားတွေဖြစ်ပြီး သူတို့ထဲက ၃ ဦးဟာ ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း INM မှ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုလည်း ဗင်နီဇွဲလားကို ပြန်ပေးအပ်ဖို့ ကူညီပေးမယ်လို့ ပြောကြားထားပါတယ်။
Source - Reuters