ရထားမိုင်းဆွဲခံရအပြီး ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတွေနဲ့ တပ်စွဲထားတဲ့ စခန်းကုန်းနေရာတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ပြည်သူ ၃,ဝဝဝ ခန့် စစ်ရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကညွတ်ကွင်းမြို့နယ်နဲ့ တောကျွဲအင်းမြို့နယ်ကြားမှာ သြဂုတ် ၁၈ ရက်က နေပြည်တော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ကုန်တင်ရထားကို ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၃၇ဝ၂ တပ်ရင်း၊ အမှတ် ၃ တပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ရထားမှောက်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ စစ်ကောင်စီတပ် ဂုံးတဲကျေးရွာ အထိုင်စခန်းကို သြဂုတ် ၁၈ ရက် ညပိုင်းမှာပဲ ထပ်မံတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အထိနာနေလို့ စစ်ကောင်စီတပ်က အခုလို ကျေးရွာတွေကို ဒုက္ခပေးနေတာဖြစ်တယ်လို့ ဒေါင်းဖြူစစ်ကြောင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ဘေးရှောင်ဦးရေ ခန့်ခန်းခြေက ၃,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရတာပါ။ ကျနော်တို့ ဒေါင်းဖြူက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာပဲ ၁,ဝဝဝ ကျော် ရှိပါတယ်ဗျ။ တချို့တွေကျတော့လည်း နီးစပ်ရာ ဘေးကင်းမယ့်နေရာတွေကို ကိုယ့်အစီစဥ်နဲ့ကိုယ် တိမ်းရှောင်ကြပါတယ်။ မိုးရာသီဖြစ်နေလို့ အစစအရာရာ လိုအပ်နေကြပါတယ်ခင်ဗျ။”
စစ်ကောင်စီဘက်ကနေပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်အောက်ခံ ခမရ ၄၃၉ ကညွတ်ကွင်း၊ ဂုံးတဲကျေးရွာအထိုင်စခန်း၊ တောကျွဲအင်း ကပ်ကွင်းဘုန်းကြီးကျောင်းတွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပြီး ဖြူးမြို့နယ်ထဲက ဂုံးတဲ၊ ရေပြာ၊ ကျွန်းကုန်း၊ သနပ်ကွင်း၊ လက်တက်ကြီး၊ နောင်ဘို၊ သစ်ဖြူဆိပ်၊ လှေဒုံး၊ ရွာသစ်၊ ငတိုးခင်၊ ဇလုပ် ကျေးရွာတွေက ဒေသခံ ၃,ဝဝဝ ကျော်လောက် စစ်ရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဒေါင်းဖြူစစ်ကြောင်းတာဝန်ရှိသူက “သြဂုတ်လ ၁၈၊ ၁၉ က စပစ်နေတာ ဖြစ်ပါတယ်ဗျ။ နှစ်ဖက်တိုက်ပွဲက ဖြစ်နေဆဲပါခင်ဗျ။ ပြည်သူ ၃,၀၀၀ ဆိုပေမဲ့ ရွာတွေထဲ မပြေးတဲ့ တချို့တဝက် ကျန်ပါသေးတယ်ခင်ဗျ။ တိုက်ပွဲတွေကတော့ စစ်ရှိန်မြင့်တက်နေပါတယ်။ PDF/KNLA ပူးပေါင်းတပ်တွေအနေနဲ့က ဒီရက်ပိုင်း ထိခိုက်မရှိသေးပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းမြို့တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ဟာ သြဂုတ် ၁၈ ရက်က စတင်ကာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
သြဂုတ်လ ပထမအပတ်ထဲက စတင်ကာ ဖြူးမြို့နယ်၊ ပဲနွယ်ကုန်း၊ ကျောက်တံခါးဘက်တွေမှာ စစ်ကောင်စီက ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သြဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေကလည်း စစ်တောင်းမြစ်ကမ်းဘေးက မြက်နီးကွင်းရွာ၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ်က ကွေ့ကြီးရွာ၊ ပိန်ကျော်ရွာ၊ ငါးဆီလှောင်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး သြဂုတ် ၈ ရက်က ဖြူးမြို့နယ် ကြာအင်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက နေအိမ်အလုံး ၃ဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း မုန်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ယောက် ဒဏ်ရရှိပြီး နောက်ထပ် ကျေးရွာပေါင်း ၁၁ ရွာ စစ်ဘေးရှောင်နေရပါတယ်။
မုန်းမြို့နယ်မှာ ဩဂုတ် ၁၉ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ် ခမရ-၃၀၇ တပ်က တောကျွဲအင်းမှနေပြီး သစ်ဖြူဆိတ်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ(ကော်သူးလေး) ပြန်ကြားရေးကနေသိရပါတယ်။
ဗုံးတွေဟာ ဒေသခံ ကိုမင်းစိုးရဲ့ အိမ်ခေါင်မိုးပေါ် ကျရောက်ပြီး အမိုးပွင့်ထွက် ပျက်စီးခဲ့ရသလို ဆက်လက်ပြီး ညနေ ၃ နာရီ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ-၄၃၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးကို ကျေးရွာအတွင်းသို့ နှစ်ချက်ပစ်ခတ်ခဲ့လို့ ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲပြီး မအေးဝင်း (၄၂)နှစ်နဲ့ ဒေါ်ခင်ညို (၅၆) နှစ်တို့ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့်ဩဂုတ် ၂၀ ရက်မှာ နောင်ဘိုကျေးရွာ၊ လက်တက်ကြီးကျေးရွာ၊ ငတိုးခင် ကျေးရွာ၊ ခင်နောက်မီးကျေးရွာ၊ ရေပြာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ သစ်ဖြူဆိတ်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ လှေဒိုးကျေးရွာ၊ သနပ်ကွင်းကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ စသည့်ကျေးရွာပေါင်း ၁၁ ရွာက ပြည်သူတွေ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ စစ်ဘေးရှောင်နေရပါတယ်
ပဲခူးတောင်ပိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “နယ်မြေစိုးမိုးမှုရဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပေမဲ့ အရေးနိမ့်ခဲ့တာကြောင့် အရပ်သားတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆီးတာ သတ်ဖြတ်တာတွေက လုပ်လေ့ရှိတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၂၀ ရက်က လျှပ်စစ်မီးပေးထားတဲ့ ရွာအားလုံးကို မီးဖြတ်တောက်ခိုင်းပြီး လိုအပ်ပါက မြို့ပေါ်အထိ မီးဖြတ်တောက်ဖို့ အမိန့်ထုတ်ထားတဲ့အပြင် ကညွှတ်ကွင်းမြို့ အဝင်အထွက်အပေါက် အားလုံးကိုလည်း လုံခြုံရေးတင်းကျပ်ချထားပါတယ်။