အင်အားပြင်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် အလှူငွေ ကျပ်သန်းပေါင်း ၃၀၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲကျော်ရခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဩဂုတ် ၂၂ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပြီး အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံတို့က ကယ်ဆယ်ရေးနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ပိုပြီး ချီးကျူးဖို့ကောင်းတာကတော့ ပြည်တွင်းမှာရှိနေသူတွေက လှူဒါန်းတာဖြစ်ပြီး ကိုယ်တိုင် လာရောက် လှူဒါန်းတာ၊ သက်ဆိုင်ရာ ဘဏ်စာရင်းထဲကို ပေးပို့လှူဒါန်းတာနဲ့ မိုဘိုင်းလ်စနစ်နဲ့ လှူဒါန်းတာတို့ဖြစ်တယ်လို့ ပြောပါတယ်။
ဩဂုတ် ၂၁ ရက်နေ့အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်(ကျပ်သန်းပေါင်း ၃၃၀၀၀ ကျော်) နဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲကျော် ရရှိထားတယ်လို့ သူက ပြောပါတယ်။
ရထားတဲ့ငွေတွေကို ဘယ်နေရာမှာ ဘာအတွက် ဘယ်လိုသုံးတယ်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။
မုန်တိုင်းသင့်ဒေသတွေမှာ စစ်ကောင်စီကပေးတဲ့ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့တွေအပေါ်မှာတော့ မုန်တိုင်းသင့် ဒေသခံတွေက ဝေဖန်နေကြတာပါ။
လက်ရှိကာလမှာ အခြေခံပညာနဲ့ အဆင်မြင့်ပညာကျောင်းတွေ ၉၅ ရာခိုင်နှုန်း ပြုပြင်ပြီး ဖြစ်သလို ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ၉၅ ရာခိုင်နှုန်း ပြန်ပြင်ပြီး သွားပြီလို့ သူက ဆက်ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အကြီးအကဲနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်း ရှင်းပြရာမှာတော့ မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတဲ့အကြောင်းကို ပြောပြခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။