မြန်မာပြည်တွင်း ရွှေစျေး၊ ဒေါ်လာစျေးတွေ စံချိန်တင် ထိုးတက်ပြီးတဲ့နောက် စစ်ကောင်စီဟာ စသုံးလုံး ဦးဆောင်တဲ့ Task Force ဖွဲ့စည်းပြီး စျေးကျဆင်းရေး အရေးယူ ဆောင်ရွက်မယ်လို့ သတိပေး ပြောဆိုပြီးနောက် ရွှေနဲ့ ဒေါ်လာစျေးတွေ အနည်းငယ် ပြန်ကျဆင်းလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၉ သိန်းအထက်ထိ စံချိန်တင်ခဲ့ပေမဲ့ ဒီကနေ့ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းမှာတော့ ကျပ် ၃၇ သိန်းအထက်မှာပဲ ဖြစ်ပေါ်နေပြီး တကျပ်သားကို ကျပ် ၂ သိန်းဝန်းကျင် ပြန်ကျဆင်းလာပါတယ်။
အလားတူ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းကလည်း ၃,၉၀၀ ဝန်းကျင်ကနေ ၃,၇၅၀ ကျပ်ထိ ပြန်ကျဆင်းလာတယ်လို့ နိုင်ငံခြားငွေ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “ဒေါ်လာစျေးတွေ ရွှေစျေးတွေ ပြန်ကျတယ်။ မှန်းရတော့ခက်ပါတယ်။ အခုလောလောဆယ်တော့ ရွှေစျေး ၃၇ သိန်းဝန်းကျင်လောက်၊ ဒေါ်လာစျေးက ၃,၇၀၀ အထက်မှာ ရှိပါတယ်။ စျေးကွက်တော့ မဖွင့်ကြပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ Task Force ဖွဲ့ပြီး အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ရွှေနဲ့ ဒေါ်လာ အရောင်းအဝယ် စျေးကွက်ရပ်တန့်နေပြီး စျေးကွက်ပျက်နေတယ်လို့လည်း ရွှေနဲ့ ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တဦးက “ဖမ်းမယ့်အဖွဲ့ ဖွဲ့လိုက်တော့ အကုန်လုံး ထွက်ပြေးနေကြတယ်။ အလုပ်မလုပ်ကြဘူး။ စျေးလည်းမဖွင့်ဘူး။ စျေးကွက်က ပျက်နေပါပြီ” လို့ ပြောပါတယ်။
နိုင်ငံတကာရဲ့ မြန်မာ့စီးပွားရေးအပေါ် အရေးယူပိတ်ဆို့မှုတွေနဲ့ စစ်ကောင်စီရဲ့ နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမှုကြောင့် ကျပ်ငွေအပေါ် လူထုယုံကြည်မှု ထပ်မံကျဆင်းလာပြီး မြန်မာငွေစျေး ထိုးကျနေတာ ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ ပြည်တွင်း ဒေါ်လာအရောင်းအဝယ်နဲ့ ဒေါ်လာကိုင်ဆောင်မှုတွေအပေါ် ပိုမိုတင်းကျပ်တဲ့ မူဝါဒတွေ ဆက်တိုက်ချမှတ်ပြီး ဒေါ်လာစျေးကျဆင်းအောင် ကိုင်တွယ်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လူတဦးကို ဒေါ်လာတသောင်း ၆ လအတွင်းသာ ကိုင်ဆောင်ခွင့် ရှိကြောင်း၊ လိုင်စင်/ခွင့်ပြုချက် မရှိဘဲ ဒေါ်လာငွေ ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးချက် ထုတ်ထားပါတယ်။
ငွေကြေးစျေးကွက် စောင့်ကြည့်လေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ မူဝါဒတွေက မှောင်ခိုစျေးကွက်ကို ပိုမိုတွန်းပို့နေသလို ဖြစ်နေတယ်လို့ မှတ်ချက်ပြုထားကြပါတယ်။