Home
နိုင်ငံတကာ
ရွေးကောက်ပွဲအမှုအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် တရားရုံးအမိန့် ရင်ဆိုင်ရမည်
DVB
·
August 22, 2023
ဒေါ်နယ်ထရန် (ဓာတ်ပုံ − Reuter)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်ဟာ သူ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအရှုံးကို ပြောင်းပြန်ဖြစ်အောင်လွှမ်းမိုးဖို့ ကြိုးပမ်းမှု စွဲချက်တွေနဲ့ ဂျော်ဂျီယာမှာ တရားခွင်ကို စောင့်ဆိုင်းနေရပါတယ်။

ဒါ့အပြင် အာမခံငွေ ဒေါ်လာ ၂ သိန်းနဲ့ ဆိုရှယ်မီဒီယာကို ခြိမ်းခြောက်တဲ့ မက်ဆေ့ခ်ျတွေ မပို့စေရေး အမိန့်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သြဂုတ် ၂၁ ရက်က တရားရုံးကနေ သိရပါတယ်။

ထရမ့်ပ်ရဲ့ ရှေ့နေတွေနဲ့ ဖူလ်တန်ခရိုင်ရှေ့နေ ဖာနီ ဝိလစ်စ်တို့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်သဘောတူညီချက် စာရွက်စာတမ်းတွေမှာ သက်သေတွေကို ခြိမ်းခြောက်တာနဲ့ တရားမျှတမှုကို ဟန့်တားတာတွေ အပါအဝင် စည်းကမ်းချက်တွေကို ပြဋ္ဌာန်း ထုတ်ပြန်ထားပါတယ်။

“ဒီအချက်တွေ ပါဝင်ရမှာဖြစ်ပေမဲ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်တာ ဒါမှမဟုတ် တခြားသူတဦးက တင်ထားတဲ့ ပို့စ်တွေကို ပြန်တင်တာတွေကိုတော့ ကန့်သတ်မထားဘူး” လို့ ဖူလ်တန်ခရိုင် အထက်တရားရုံး တရားသူကြီး စကော့ထ် မက်ကာဖီးက လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကို ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ရှေ့ပြေးပုဂ္ဂိုလ်ဖြစ်တဲ့ ထရမ့်ပ်နဲ့ တွဲဘက်တရားခံ ၁၈ ဦးတို့ကို ဂျော်ဂျီယာအမှုအတွက် သြဂုတ် ၁၄ ရက်က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဖူလ်တန်ခရိုင်ရှေ့နေ ဖာနီ ဝိလစ်စ်ဟာ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေကို ဖြောင့်ချက်ပေး ဝန်ခံဖို့ သို့မဟုတ် အဖမ်းဆီးခံဖို့ သောကြာနေ့ မွန်းတည့်ချိန်အထိ သူတို့ကို အချိန်ပေးထားပါတယ်။

အစိုးရရှေ့နေတွေက ဒီအမှုကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်မှာ စတင်စစ်ဆေးဖို့ အဆိုပြုထားပြီး ထရမ့်ပ်ရဲ့ ရှေ့နေတွေကတော့ ၂၀၂၆ ခုနှစ်မှာမှ ရုံးတင်စစ်ဆေးဖို့ တောင်းဆိုနေကြပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013