ချီလီနိုင်ငံရဲ့ ဗဟိုတောင်ပိုင်းဒေသတွေမှာ မိုးရွာတာနဲ့ လေပြင်း တိုက်ခတ်တာတွေအပြင် ရက်အတော်ကြာ တောင်ပိုင်းဆောင်းရာသီလည်း ကျရောက်ခဲ့တာကြောင့် အခုချိန်ထိ လူ ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁,၀၀၀ လောက်ကို ထိခိုက်ခဲ့တဲ့အပြင် ထောင်နဲ့ချီတဲ့လူတွေဟာ သွားလာဆက်သွယ်ရေး ပြတ်တောက်ကုန်ကြရပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
သမ္မတ ဂက်ဘရီယယ်လ် ဘောရစ်ခ်ဟာ ဆန်တီယာဂိုအနီးက အိုဟစ်ဂင်းစ်ဒေသကနေ မြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၅၀၀ လောက်အကွာရှိ ဘီယိုဘီယို ဒေသအထိ ကပ်ဘေးသင့်ဒေသအဖြစ် သြဂုတ် ၂၁ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဒေသတွေဟာ ဇွန်လနှောင်းပိုင်းတုန်းက ဆယ်စုနှစ် ၃ ခုအတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုကို ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းဒဏ်အခံရဆုံး ဖြစ်ပါတယ်။
သမ္မတဘောရစ်ခ်ဟာ တနင်္ဂနွေနေ့ကတည်းက မိုးရွာခဲ့ပြီး လာမယ့်ရက်တွေမှာလည်း မိုးဆက်ရွာဦးမယ့် မောက်လယ်ဒေသကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ အစီအမံကို ကြေညာခဲ့ပါတယ်။
စီနာပရဒ် အမျိုးသားအရေးပေါ်ဝန်ဆောင်မှုဌာန အဆိုအရ အထူးသဖြင့် မောက်လယ်ဒေသမှာ လူပေါင်း ၂၆,၀၀၀ ကျော်ဟာ သွားရေးလာရေး ပြတ်တောက်နေပြီး ၃၄,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တဲ့အပြင် လူပေါင်း ၃၈,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။
တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး မြစ်ရေမြင့်တက်တာ၊ တိမ်ကောတာ၊ မြေပြို ရွှံ့ပြို အန္တရာယ်တွေ တိုးလာနေကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source - Reuters