ဂျပန်နိုင်ငံက ဆူနာမီဒဏ်သင့် ဖူကူရှီးမားနျူးကလီးယားစက်ရုံရဲ့ ရေတွေစွန့်ထုတ်ပြီးချိန်မှာ ငါးဖမ်းလုပ်ငန်းအတွက် ဘေးကင်းလုံခြုံမှု သေချာအောင် အစိုးရအနေနဲ့ အပြည့်အ၀ တာဝန်ယူသွားမှာဖြစ်တယ်လို့ သြဂုတ် ၂၁ ရက်မှာ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ ကိုယ်တိုင် ကတိပေးပါတယ်။
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ အတူ စက်မှုလုပ်ငန်းဝန်ကြီး ယာဆူတိုရှီ နီရှီမူရာတို့က ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်းများအဖွဲ့ချုပ်ရဲ့ အကြီးအကဲဖြစ်သူ မာဆန်နိုဘူ ဆာကာမိုတိုနဲ့တွေ့ဆုံကာ ရေနဲ့ပက်သက်ပြီး ဘေးကင်းကြောင်း အာမခံချက်တွေ ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီအစည်းအဝေးအတွင်း ငါးဖမ်းလုပ်ငန်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ဖူကူရှီးမားစက်ရုံရဲ့ သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေ ပင်လယ်ထဲစွန့်ပစ်မယ့်အပေါ်မှာ စိုးရိမ်မှုတွေရှိနေဆဲပဲလို့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း အိုလံပစ်ပြိုင်ပွဲအဆင့် ရေကူးကန်ပေါင်း ၅၀၀ နဲ့ညီမျှတဲ့ ရေတွေကို ဘယ်အချိန်မှာ စတင်ဖွင့်ထုတ်မလဲ ဆိုတဲ့အပေါ်မှာ အစိုးရက မကြာခင် ဆုံးဖြတ်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
ဒီအစီအစဉ်နဲ့ ပက်သက်ပြီး ပြည်တွင်းရော၊ ပြည်ပမှာပါ ကန့်ကွက်နေခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဆူနာမီဒဏ်သင့် နျူကလီးယား ဓာတ်ပေါင်းဖိုတွေမှာ အအေးခံပေးဖို့အတွက် အဲ့ဒီရေတွေ ကို အများဆုံးအသုံးပြုခဲ့တာပါ။
ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တိုကျိုမြိုရဲ့ မြောက်ဘက်ကမ်းရိုးတန်းက ဒီစက်ရုံကို ဆူနာမီလှိုင်းလုံးကြီးတွေ ဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်။
အခုလို စွန့်ပစ်မယ့်ရေတွေထဲက ရေဒီယိုသတ္တိကြွမှု အများဆုံးဒြပ်စင်တွေကို ဖယ်ရှားကာ သန့်စင်ထားပေမဲ့လည်း ဟိုက်ဒရိုဂျင်ရဲ့ အိုင်ဆိုတုပ်တစ်ခုဖြစ်တဲ့ ထရစ်တီယမ်အနေနဲ့ စစ်ထုတ်ရတာ ခက်ခဲတာကြောင့် ပင်လယ်ရေထဲမှာ ပျော်ဝင်သွားနိုင်တယ်လို့ သိရပါတယ်။
Source-Reuters