ချီလီတောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းဆီပြန်လာတော့မှာဖြစ်ကြောင်း အင်တာမီလန်စီအီးအို မာရော့တာက ပြောသွားပါတယ်။
ဆန်းချက်ဇ်ဟာ မနှစ်တုန်းက အင်တာနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးနောက် ပြင်သစ်ကလပ် မာဆေးအသင်းမှာ သွားရောက်ကစားခဲ့တာပါ။
မာဆေးလ်နဲ့ စာချုပ်ပြည့်ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဆန်းချက်ဇ်ဟာ အင်တာမီလန်ဆီ ပြန်လာချင်နေပြီး အသင်းဘက်ကလည်းလက်ခံသွားဖို့ရှိကြောင်း မာရော့တာကပြောပါတယ်။
အင်တာမီလန်အသင်းဟာ အသင်းပြောင်းဖို့ရှိတဲ့ ကော်ရီယာရဲ့နေရာမှာ ဆန်းချက်ဇ်နဲ့အစားထိုး အားဖြည့်သွားဖို့ရှိပါတယ်။
ဆန်းချက်ဇ်ဟာ ၂၀၁၉ ခုနှစ်က မန်ယူအသင်းကနေ အငှားလာကစားခဲ့ ပြီး ၂၀၂၀ပြည့်နှစ်မှာ အင်တာနဲ့အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တာပါ။
အင်တာအတွက်စုစုပေါင်း ၁၀၉ ပွဲမှာ ဂိုး ၂၀ သွင်းပြီး ၂၃ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။