ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က မိုးကောင်းကင် ခရီးသည်တင်ယာဥ် မြောင်းထဲထိုးကျပြီး အမျိုးသား ၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်မှ နေပြည်တော်ကို ပြေးဆွဲနေတဲ့ မိုးကောင်းကင်ခရီးသည်ယာဥ်မှာ ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က ဒိုက်ဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် (၇၇/၅) နဲ့ (၇၇/၆) ကြားမှာ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျခဲ့တာလို့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
"ကားပေါ်မှာ ခရီသည် ၁၆ ယောက်ပါတယ်၊ ယောကျ်ားလေးတယောက်က အခင်းဖြစ်တဲ့နေရာမှာတင် ဆုံးတယ်၊ ၁၃ ယောက်က ဒဏ်ရာရတယ်၊ အချို့က ပြင်းထန်တယ်။"
အခင်းဖြစ်ရာနေရာမှ သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းကာ လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
"ကျား ၁ ဦးသေတယ်၊ ယောကျ်ားလေး ၅ ယောက်နဲ့ မိန်းကလေး ၅ ယောက်ကို မြို့ချောင်းဆေးရုံ ကို ပို့တယ်၊ အမျိုးသမီး ၃ ယောက် ဒဏ်ရာအရမ်းများလို့ ပဲခူးဆေးရုံကြီးကိုပို့ထားရတယ်။"
လက်တလောမှာ အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယာဥ်မောင်းဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။