မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာမြစ်တဖက်ခြမ်းမှာရှိတဲ့ ရှေးဟောင်း မြသိန်းတန်စေတီနဲ့ ဘုန်းကြီးကျောင်းဆောင်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားပြီး ကျောင်းထိုင်ဆရာတော်တပါးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ မင်းရွာရဲစခန်းကို စစ်ကောင်စီက ဩဂုတ် ၁၅ ရက်က လေကြောင်းတိုက်ခိုက်စဉ် မင်းရွာအနီးက ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီပုထိုးတွေ ထိမှန်ခဲ့တာပါ။
ဂန့်ဂေါဒေသခံတဦးက “ဘုန်းကြီးတပါးလည်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ကျောင်းဆောင်တွေနဲ့ စေတီတွေ ပျက်စီးသွားတာ။ ဘာသာရေးအဆောက်အဦကိုလို့ ရည်ရွယ်တာတော့ မဟုတ်လောက်ဘူးဗျ။ စခန်းသိမ်းတိုက်ပွဲဖြစ်တော့ PDF တွေ ရှိနိုင်တဲ့နေရာလို့ ထင်ပြီး ဗုံးကြဲတာဖြစ်မယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲ့ဒီ မြသိန်းတန်စေတီဘုရားဟာ အသောကမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ဘုရား ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မင်းရွာရဲစခန်း လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
၂၀၂၂ ခုနှစ်ကလည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂန့်ဂေါနယ်က မုံလယ်တောရစေတီတော် ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။