မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း အနေနဲ့ မဟာဗျူဟာမြောက် ခရုဇ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပေါ် စစ်ဆေးကြီးကြပ်ခဲ့တယ်လို့ သြဂုတ် ၂၁ ရက်က နိုင်ငံပိုင်မီဒီယာ KCNA မှာ သတင်းထုတ်ပါတယ်။
တဖက်မှာ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံအကြား နှစ်စဉ် စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်နေတာကြောင့် ပြုံယမ်းဘက်က စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုတခုအဖြစ် ရှုမြင်ထားပါတယ်။
KCNA ရဲ့ ဓာတ်ပုံထုတ်ပြန်ချက်တွေအရ ကင်မ်ဟာ စစ်သင်္ဘောတစီးပေါ်ကနေ အရှေ့ဘက် ကမ်းရိုးတန်းနေရာမှာ တပ်စွဲထားတဲ့ ရေတပ်သင်္ဘောစုကို လာရောက်ကြည့်ရှုနေတာ တွေ့ရပါတယ်။
ကင်မ်ရဲ့ ဒုံးကျည်စမ်းသပ်မှုဆိုင်ရာ ခရီးစဉ် နေ့ရက်ကိုတော့ KCNA က ဖော်ပြခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် “လျှပ်တပြက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ရွေ့လျားသွားလာနိုင်စွမ်း မြင့်မားမှု၊ တိုက်ခိုက်ရေးစွမ်းအား ကြီးမားမှုနဲ့ တိုက်ပွဲအတွက် စဉ်ဆက်မပြတ် ပြင်ဆင်မှု” တို့ကို ထိန်းသိမ်းထားနိုင်တယ် ဆိုပြီး ကင်မ်က ရေတပ်အပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။
အူလ်ချီ လွတ်လပ်မှု ဒိုင်း ဆိုတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ နွေရာသီ လေ့ကျင့်မှုတွေကို တနင်္လာနေ့မှာ စတင်ခဲ့ပြီးနောက် ကင်မ်ရဲ့စစ်ဆေးမှု ထွက်ပေါ်လာခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ ခြိမ်းခြောက်မှုတွေ တိုးပွားလာတဲ့အပေါ်မှာ ဒီစစ်ရေးလေ့ကျင့်မှုက ပူးတွဲတုံ့ပြန်နိုင်စွမ်းကို အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြုံယမ်းက နျူးကလီးယားစစ်ပွဲအတွက် အကြိုပြင်ဆင်မှုတခု ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။
Source - Reuters