စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ စင်ကာပူနိုင်ငံဟာ ဒီနှစ်မှာလည်း စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေ မြင်တွေ့ရဖို့ မျှော်လင့်ထားတယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက သြဂုတ် ၂၀ ရက်မှာ ပြောကြားပါတယ်။
အမျိုးသားစုဝေးပွဲနေ့ (National Day Rally) လို့ ခေါ်ဆိုတဲ့ မူဝါဒဆိုင်ရာ နှစ်စဉ်မိန့်ခွန်းမှာ လီ က ကမ္ဘာကြီးပူနွေးလာမှုကြောင့် အစားအသောက် ထုတ်လုပ်ရေးနဲ့အတူ ကမ္ဘာ့ဈေးနှုန်းတွေမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စင်ကာပူနိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။
ဒါ့အပြင် စင်ကာပူအနေနဲ့လည်း စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း လီက ဖြည့်စွက်ပြောပါတယ်။
စင်ကာပူနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ကျဆင်းလာနေပေမဲ့ “အရင်ထက်စာရင်တော့ ပိုမိုမြင့်မားနေဦးမှာ” ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါဝင်ပါတယ်။
စင်ကာပူနိုင်ငံရဲ့ အဓိကကျတဲ့ နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းဟာ မေလမှာ ၄ ဒသမ ၇ ရာခိုင်နှုန်း ရှိရာကနေ ဇွန်လမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပြီး အဲ့ဒီထဲမှာ ပုဂ္ဂလိကဆိုင်ရာ လမ်းပန်းဆက်သွယ်ရေးနဲ့ နေထိုင်မှုဆိုင်ရာ ကုန်ကျစရိတ်တွေ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။
မကြာသေးမီ လပိုင်းအတွင်း အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အပေါ် လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ အရှုပ်တော်ပုံတွေကလည်း ရှိနေပြန်ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ လီက ခေါင်းဆောင်မှု သက်တမ်းတိုးမယ့် အချိန်ဇယားအပေါ် နှောင့်နှေးစေမှာ မဟုတ်သလို ဒုတိယဝန်ကြီးချုပ်ဖြစ်သူ လောရန့်စ် ဝေါင် အပေါ်မှာလည်း “အလုံးစုံယုံကြည်မှုရှိတယ်” လို့ မှတ်ချက်ပေးပါတယ်။
၁၉၆၅ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် စင်ကာပူအနေနဲ့ ရပ်တည်နိုင်ချိန်ကတည်းက PAP
ဟာ အာဏာကို ဆုပ်ကိုင်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့အတွက် စင်ကာပူနိုင်ငံက စီစဉ်ထားပါတယ်။
Source - Reuters