Home
ရုပ်သံ
ချစ်သုဝေ၊ မြတ်နိုးအေး တို့ပါဝင်သည့် တော်လှန်ရုပ်ရှင်-The Way အမေရိကန်တွင် ပွဲဦးထွက် ပြသမည်
DVB
·
August 21, 2023
The Way

နာမည်ကြီး သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ချစ်သုဝေ၊ မြတ်နိုးအေးတို့နဲ့အတူ တော်လှန်အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပြီး အဆိုတော်လင်းလင်း ရိုက်ကူးထားတဲ့ ဂီတရုပ်ရှင်-The Way  ကို အမေရိကန်နိုင်ငံမှာ လာမယ့် ဩဂုတ် ၂၆ ရက်မှာ ပွဲဦးထွက် ပြသသွားမယ်လို့ သိရပါတယ်။

“THE WAY ကို ရင်ခုန်စွာနဲ့ Public ထံ ပြသရမည့် ရက်တွေကို ရောက်ရှိခဲ့ပါပြီ… US, California ရဲ့ မြို့တော် Sacramento မှာ ပွဲဦးထွက် အနေနဲ့ ပြသတော့မှာပဲ ဖြစ်ပါတယ်။ August 26 ရက်နေ့၊ Folsom City Hall 50, Natomas St, Folsom CA 95630 မှာ ညနေ ၃နာရီမှ ည ၈နာရီ ထိ ကျင်းပပြုလုပ်မယ့် “သွေးစည်းညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့” လို့ အမည်ရတဲ့ တိုင်းရင်းသား မိသားစု ရံပုံငွေ ရုပ်ရှင်ပြပွဲ နှင့် တိုင်းရင်းသား အက အလှ ဈေးရောင်းပွဲတော်မှာ “THE WAY” Musical Film ကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ “THE WAY” နဲ့ Sacramento မှာ ဆုံကြမယ်နော်။”

အဆိုတော်လင်းလင်းက Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာ “Best Mobile Feature Film Award” ရရှိထားခဲ့သလို Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံးဂီတရုပ်ရှင် (Best Musical/Dance Film) ဆုအပါအဝင် ဆု ၃ ဆု ထပ်မံရရှိထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ခွဲနီးပါး ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းနဲ့သာ ဖန်တီးထားတဲ့ အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင်ဟာ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical Film) ဆုအပါအဝင် အကောင်းဆုံး ပထမအကြိမ် ရုပ်ရှင်ဒါရိုက်တာဆု Best First Time Director (Feature)နဲ့ အကောင်းဆုံးသီချင်းဆု (Best Song) တွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013