ရန်ကုန်-ပုသိမ်ကားလမ်း၊ ဗိုလ်မြတ်ထွန်းတံတားနဲ့ လင်းလွန်းပင်ကျေးရွာကြားမှာ သစ်လုံးတွေတင်လာတဲ့ ကုန်တင်ယာဉ် ၁ စီး အရှိန်လွန်တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဩဂုတ် ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က သစ်လုံးနဲ့ သစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ဟာ ဗိုလ်မြတ်ထွန်းတံတားအဆင်း လမ်းကွေ့မှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
နယ်ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာလို့ မြင်လိုက်တဲ့လူတွေက ပြောတယ်။ ရှေ့ခန်းက ယာဉ်မောင်းနဲ့ အကူက ကားပိတာ၊ နောက်ကလိုက်လာတဲ့သူက သစ်လုံးတွေပိတာ။ အလောင်းတွေကို အရင်ဆွဲထုတ်ပေးပြီး ရင်ခွဲရုံပို့ခဲ့ပါတယ်။ သူတို့မိသားစုဝင်တွေနဲ့ ရဲစခန်းက ဆက်သွယ်နေပါတယ်။ ကျနော်တို့အဖွဲ့တွေတော့ မသိရသေးဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သစ်လုံးနဲ့ သစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အပါအဝင် လူလတ်ပိုင်း အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး နယ်ခံပရဟိတအသင်းက ရုပ်အလောင်းတွေကို ချောင်းဦးတိုက်နယ်ဆေးရုံ ရင်ခွဲရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။