၂၀၂၃ လိဒ်ဖလားဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်နေ့ မနက်ပိုင်းမှာ အင်တာမိုင်ယာမီအသင်းနဲ့ နဗီးစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပွဲချိန်မိနစ် ၉၀ အတွင်း တဖက် ၁ ဂိုးစီသရေကျတာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ အင်တာမိုင်ယာမီအသင်းက ၁၀ ဂိုး ၉ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ လီယွန်နယ်မက်ဆီက သွင်းယူခဲ့ပြီး နဗီးစ်အသင်းအတွက် ချေပဂိုးကို ၅၇ မိနစ်မှာ ဖာဘရစ်က သွင်းယူခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ မိုင်ယာမီအသင်းဟာ ၂၀၁၈ မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အခုရရှိခဲ့တဲ့ လိဒ်ဖလားဟာ အသင်းသမိုင်းတလျှောက် ပထမဆုံးအနေနဲ့ ရရှိခဲ့တာပါ။
ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကို အင်တာမိုင်ယာမီအသင်းကပဲ ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတို့ကို တိုက်စစ်မှူး လီယွန်နယ်မက်ဆီ၊ အကောင်းဆုံးဂိုးသမား ရွှေလက်အိတ်ဆုကို ဒရိတ်ကလင်ဒါက ရရှိခဲ့ပါတယ်။
အခုဆုဖလားဟာ လီယွန်နယ်မက်ဆီရဲ့ ၄၄ ကြိမ်မြောက်ဆုဖလားဖြစ်တာကြောင့် ဆုဖလား ၄၃ လုံးနဲ့ ကမ္ဘာ့ဆုဖလားအများဆုံးဖြစ်ခဲ့တဲ့ ဒန်နီယယ်အဲဗက်ရဲ့ စံချိန်ကိုကျော်လွန်ပြီး ဆုဖလားအများဆုံး ကစားသမားအဖြစ် စံချိန်တင်သွားပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို နွေရာသီအပြောင်းအရွှေ့မှာ စတင် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၇ ပွဲကစားထားပြီး ၁၀ ဂိုးသွင်းယူခဲ့ပါတယ်။