ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ဆင်ရေးကို ကွပ်ကဲနေတဲ့ အဖွဲ့မှူးနဲ့ တခြားထိပ်တန်း စစ်ဘက်ဆိုင်ရာအရာရှိတွေဆီကို လာရောက်လည်ပတ်ခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော်က သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်ခြမ်း ရှေ့တန်းမှာ ထိုးစစ်ဆင်ရင်း နယ်မြေတွေ ပြန်သိမ်းနိုင်ပြီ လို့ ယူကရိန်းအစိုးရက ပြောဆိုခဲ့ပြီးတဲ့နောက် ခုလို အစည်းအဝေးလုပ်ခဲ့တာပါ။
ရုရှားရဲ့ အမြင့်ဆုံး စစ်သေနာပတိလည်းဖြစ်တဲ့ ပူတင်ဟာ ယူကရိန်းနိုင်ငံထဲက ရုရှားအစိုးရရဲ့ စစ်ဆင်ရေးတွေကို တာဝန်ခံတဲ့ တပ်မတော်စစ်ဦးစီးချုပ် ဗလေရီ ဂျေရာစီမော့ဗ်နဲ့ တခြား စစ်ဦးစီးချုပ်တွေ အရာရှိတွေရဲ့ အစီရင်ခံစာတွေကို နားထောင်ခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော်က ပြောခဲ့ပါတယ်။
ဒါပေမယ့် အစည်းအဝေးရဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောခဲ့တဲ့ အပြင် အစည်းအဝေးကျင်းပတဲ့ အချိန်ကို ရှင်းရှင်းလင်းလင်းမသိရပါဘူး။
RIA အစိုးရသတင်းဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုတွေထဲမှာ ဂျေရာစီမော့ဗ်က ပူတင်ကို ညအချိန် ဖြစ်ပုံရသော အချိန်မှာ ခဏ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် အဆောက်အအုံထဲ ခေါ်သွားပုံကို ပြသခဲ့ပါတယ်။
ယူကရိန်းနယ်စပ်ကနေ ၆၂ မိုင် အကွာမှာရှိတဲ့ ရိုစတော့ဗ် အွန်ဒွန်မြို့ဟာ ယူကရိန်းစစ်တပ်က တိုက်နေတဲ့ ရုရှားတောင်ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ် တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံ မြို့တော်မော်စကိုရဲ့ အနောက်မြောက်ဘက်က နို့ဗ်ဂိုရဗ်နဲ့ ယူကရိန်းနယ်စပ်က ဘယ်လ်ဂိုရော့ဒ်ဒေသတွေကို ပစ်မှတ်ထားပြီး စနေနေ့က ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီလတွေအတွင်း ရုရှားနိုင်ငံထဲမှာ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ တိုးလာခဲ့ပါတယ်။
ရုရှားလေကြောင်း ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့လို့ ဒရုမ်းယာဉ်တစီး ရုရှားနိုင်ငံ မော်စကို မြို့လယ်က အဆောက်အအုံတခုပေါ်ကို ပျက်ကျခဲ့အပြီး ရုရှားမြို့တော်ရဲ့ အရပ်ဘက်လေဆိပ် အားလုံး မှာ လေကြောင်းခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
Source-Reuters