အီဂျစ်သမ္မတ အပ်ဘ်ဒဲလ်ဖတ်တာ အယ်လ်စီစီဟာ လူသိများတဲ့ တက်ကြွလှုပ်ရှားသူ အာမတ်ဒူမာ အပါအဝင် အကျဉ်းသားအများအပြားကို ထောင်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်တယ်လို့ သြဂုတ် ၁၉ ရက်က နိုင်ငံပိုင်ရုပ်သံမှာ ဖော်ပြပါတယ်။
၂၀၁၁ ခုနှစ်တုန်းက အကြွင်းမဲ့အာဏာနဲ့ အုပ်ချုပ်နေတဲ့ အီဂျစ် သမ္မတဟောင်း ဟော့စ်နီ မူဘာရတ်ခ်ကို ဖြုတ်ချခဲ့ရာ ဒီမိုကရစီတော်လှန်ရေးအတွင်း ဒူမာက ဦးဆောင်သူတယောက်အနေနဲ့ ပါဝင်ခဲ့တာပါ။
၂၀၁၉ ခုနှစ်မှာတော့ အဓိကရုဏ်းဖြစ်ပွားစေမှုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှု ကြောင့်လို့ ဆိုကာ ဒူမာကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့ပါတယ်။
အရေးပါတဲ့ အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှုအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ခြေလှမ်းများစွာဟာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းတုန်းက အီဂျစ်နိုင်ငံမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့ ဝေဖန်သုံးသပ်သူတွေကတော့ ဒီအရွေ့ဟာ အပေါ်ယံသာ ဖြစ်သလို ဖမ်းဆီးမှုတွေကလည်း ဆက်ရှိနေတုန်းပဲ ဆိုပြီး မှတ်ချက်ပေးကြပါတယ်။
အီဂျစ်နိုင်ငံမှာ ဆယ်စုနှစ် တခုကြာအောင် သဘောထားကွဲလွဲသူတွေအပေါ် နှိမ်နင်းဖြိုခွင်းခဲ့တာ ကြောင့် အထင်ရှားဆုံးသော တက်ကြွလှုပ်ရှားသူ အာလာအပ်ဘ် အယ်လ်ဖတ်တာနဲ့အတူ တခြား ထိန်းသိမ်းခံထားရသူတွေက အကျဉ်းထောင်ထဲမှာ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။
အီဂျစ်အာဏာပိုင်တွေကတော့ လုံခြုံရေးအကြောင်းပြချက်အရ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
Source-Reuters