တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီကား ၂ စင်း တိုက်ခိုက်ခံရပြီးနောက် ပြန်ပစ်တာကြောင့် ဒေသခံ ၂ ယောက် ဒဏ်ရာရသွားပါတယ်။
ပလရဲစခန်းကနေ တိုကျေးရွာဘက် ကင်းလှည့်လာတဲ့ စစ်ကောင်စီကား ၂ စင်းကို ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၇ ရက်နေ့ ည ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီညတုန်းက မိုင်းထောင်ထားတဲ့ နေရာကို စကစဘက်က ကားနဲ့ ကင်းလာချတာ။ အဲဒါကို PRDF ရဲဘော် ၂ ယောက်က စကစကားကို မိုင်းသွားဆွဲတာ။ မိုင်းဆွဲပြီးတာနဲ့ ပြန်ဆုတ်လာတာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိပေမယ့် စစ်ကောင်စီဘက်က ထိခိုက်ကျရှုံး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ၂ နာရီကြာလောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပလမြို့ခံတယောက်က “ည ၇ နာရီလောက် မိုင်းပေါက်တဲ့ အသံကြားရတယ်။ ည ၉ နာရီအထိ စကစဘက်က ပြန်ပစ်တယ်။ အဲလိုပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရပြီး ပလမြို့ အမှတ် ၃ ရပ်ကွက်ရှိနေအိမ်တွေမှာလည်း ကျည်လာမှန်တာတွေရှိတယ်” လို့ ပြောပါတယ်။
ခြေထောက်ကိုကျည်ထိမှန်တဲ့ အမျိုးသားဟာ ပလတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရပြီး ကျည်ထိမှန်တဲ့အမျိုးသမီးကတော့ မြိတ်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ ပလမြို့ခံတွေက ပြောပါတယ်။