ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အထက ၁ ကျောင်းနားမှာ ဒီနေ့ ညနေပိုင်းက ကျောင်းလာကြိုတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၈၁ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကောင်းမြို့အခြေစိုက် ခမရ ၃၈၁၊ ခမရ ၃၈၂ တပ်က တပ်မိသားစုဝင်တွေရဲ့ သားသမီးတွေကို ကျောင်းလာကြိုချိန် ညနေ ၃ နာရီကျော်လောက်က သံလွင်တိုက်တန်းရှေ့မှာ ပစ်ခတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ လက်နက်တွေကိုပါ အမည်မသိသေနတ်သမားတွေက ယူဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒေသခံတယောက်က "စစ်တပ်က သူတိုသားသမီးတွေကို အထက ၁ မိုးကောင်း ကျောင်းမှာ ထားတာရှိတယ်။ တပ်တွင်းကလေးတွေကို ကျောင်းကားနဲ့လာကြိုတဲ့ စစ်သား ၂ ယောက် အပစ်ခံရတာ။ ခုတော့ လမ်းတွေပိတ် စစ်ဆေးနေပြီ။ ညနေဈေးအနားဆိုတော့ ဈေးခင်းနေတဲ့ဈေးသည်တွေကို ပြန်သိမ်းခိုင်းနေတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြန်လည်ခုခံပစ်ခတ်ခဲ့ပေမဲ့ သေနတ်သမားတွေ လွတ်မြောက်သွားခဲ့ပြီး သေဆုံးသွားတဲ့ စစ်သား ၂ ယောက်ကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားပြီးနောက် အခင်းဖြစ်ပွားရာအနီးက ဖြတ်သန်းသွားလာသူတွေကို တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။