
အင်္ဂလန်အနောက်မြောက်ပိုင်းရှိ Countess of Chester ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဗြိတိန်သူနာပြု တဦးဟာ မွေးကင်းစကလေးငယ် ၇ ဦးကို သတ်ဖြတ်ခဲ့ခြင်းနဲ့ မွေးကင်းစကလေးအဆောင်မှာ နောက်ထပ် ၆ ဦး ကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှုတို့မှာ အပြစ်ရှိကြောင်း သြဂုတ် ၁၈ ရက်က တွေ့ရှိခဲ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ် လူစီလတ်ဘီ ဟာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေက ညဆိုင်းအလုပ်လုပ်နေချိန်မှာ သားယောက်ျားလေး ၅ ဦးနဲ့ သမီးမိန်းကလေး ၂ ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းနဲ့ တခြားမွေးကင်းစ ကလေးငယ်လေးတွေကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သူနာပြု လူစီလတ်ဘီဟာ မွေးကင်းစကလေးတွေကို အင်ဆူလင် ထိုးသွင်းခြင်းတွေနဲ့ တခြား ကလေးတွေကို လေတွေ ထိုးသွင်းတာ သို့မဟုတ် နို့တွေ အတင်းသောက်ခိုင်းတာတွေလုပ်ပြီး သတ်ဖြတ်ခဲ့ကြောင်းနဲ့ တခါတလေ ကလေးတွေ မသေဆုံးသေးခင် တိုက်ခိုက်မှု အများအပြား လုပ်ခဲ့သေးကြောင်း ဂျူရီလူကြီးတွေကို ပြောပြပါတယ်။
သူအဖမ်းခံရပြီးနောက်မှာ “သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အဆင်မပြေလို့ တမင်ရည်ရွယ် သတ်ခဲ့ရတာပါ” လို့ ရေးသားထားတဲ့ လက်ရေးစာ တစောင်ကို သူ့နေအိမ်မှာ ရဲအရာရှိတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သူ့ကိုယ်သူ မကောင်းဆိုးဝါး ပါလို့လည်း ဖော်ပြရေးသားထားပါတယ်။
သူ တိုက်ခိုက်ခဲ့တဲ့ တချို့ကလေးတွေဟာ အမြွှာလေးတွေ ဖြစ်ကြပြီး အမှုတခုမှာ ကလေး ၂ ယောက်လုံးကို သတ်ပစ်ခဲ့တာပါ။
ကလေးမလေး တယောက်ကို ၃ ကြိမ်တိုင်တိုင် သတ်ဖို့ကြိုးစားရင်း နောက်ဆုံး ၄ ကြိမ်မြောက်မှာ သတ်ဖို့ကြိုးစားမှု အောင်မြင်ခဲ့ပါတယ်။
Source-Reuters


