ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ ပြစ်မှားစော်ကားမှုနဲ့ စွပ်စွဲခံထားရတဲ့ ခရစ်ယာန်ညီအစ်ကို ၂ ဦးကို ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူနဲ့ သတင်းရင်းမြစ်တခုက သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
ကိုရမ်ကျမ်းကို ရှုတ်ချစော်ကားခဲ့တဲ့ ၂ ယောက်ကို ဒေါသထွက်ပြီး ခရစ်ယျာန် ဘုရားကျောင်းတွေနဲ့ အိမ်တွေကို မွတ်ဆလင်လူအုပ်က မီးရှို့အပြီး ၂ ရက်အကြာမှာ ဖမ်းမိခဲ့တာပါ။
ညစ်ညမ်းတဲ့ မှတ်ချက်တွေကို မင်အနီရောင်နဲ့ ရေးသားထားတဲ့ ကိုရမ်ကျမ်းစာ စာမျက်နှာတွေကို လမ်းတလမ်းမှာ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပူးတွဲပါ စာမျက်နှာတခုမှာလည်း စွပ်စွဲခံရသူတွေရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား နံပါတ်တွေကိုပါ ထည့်ထားတာ တွေ့ရကြောင်း ပြည်နယ်ရဲချုပ် အူစ်မန် အန်ဝါက ပြောပါတယ်။
နာမည်နဲ့ လိပ်စာတွေကို ဘာကြောင့် တွဲထည့်ထားတယ်ဆိုတာကို ရဲတပ်ဖွဲ့က ရှုထောင့် ပေါင်းစုံ ကနေ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရိုက်တာကို ပြောပါတယ်။
သံသယရှိသူ ၂ ဦးကို စစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့က ၇ ရက်ကြာ ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ထုတ်ထားကြောင်း အစိုးရ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ခရစ်ယာန် ဆန္ဒပြသူတစုဟာ ကရာချိမှာ စုဝေးပြီး ဆိုင်းဘုတ်တွေကိုင်၊ “ဘာသာရေး ရန်စမှုကို ရပ်ပါ” လို့ ကြွေးကြော်ပြီး ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။
Source-Reuters