ရေကြည်မြို့နယ်၊ ငါသိုင်းချောင်းမြို့က တည်းခိုခန်းတခုမှာ လာရောက်တည်းခိုသူ ၂ ယောက်ကို လက်နက်တွေနဲ့အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရှေဆောင်ရပ်ကွက်ရှိ တည်းခိုခန်းတခုမှာ ရန်ကုန်ကနေ လာရောက်တည်းခိုသူ ၂ ယောက်ကို ဒီမနက် ၆ နာရီလောက်က လာရောက်ဖမ်းဆီးခဲ့တာပါ။
အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က "သေနတ်တွေကို တစစီဖြုတ်ပြီး ကားနဲ့ သယ်လာတာ။ ကားရော၊ သေနတ်ရော၊ လူရောမိပါတယ်။ ရန်ကုန်က၊ နှစ်ယောက်စလုံးက" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်က ကိုစိုးမင်းအောင်(ခ)ကိုကျော်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၉ ရပ်ကွက်က ကိုငြိမ်းဇော်ထူးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
သူတို့ စီးလာတဲ့ Taxi တိုယိုတာအဖြူရောင်ယာဥ်ထဲကနေ M-4 သေနတ် ၃ လက်၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နဲ့ ၅.၅၆ ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ပြောပါတယ်။
သူတို့ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။