ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းနေရာတွေကို သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခိုက်လို့ ဘာသာရေး အဆောက်အအုံတွေအပါအဝင် အများအပြားထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က Yak-130 (Jet-Fighter) လေယာဉ် ၂ စီးနဲ့ မွန်းလွဲ ၂ နာရီက ၃ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တော်လှန်ရေးတပ်တွေက နယ်မြေလုံခြုံရေးယူထားတဲ့ နေရာတဝိုက်ကို လေယာဉ်ဗုံးကြဲခဲ့လို့ သာသနာပိုင် အဆောက်အအုံ အများအပြားထိခိုက်ပျက်စီးခဲ့ရပြီး ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ဖြောင့်တပ်သားက စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်
စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်မှုမှာတော့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သူ မရှိဘူးလို့လည်း သိရပါတယ်။
တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေပေမဲ့ တော်လှန်ရေးပူးပေါင်းဘက်နဲ့ တိုက်ပွဲတွေဟာ နေ့စဥ်လိုလိုဖြစ်ပွားလာနေခဲ့တာ ၁ ပတ်လောက်ရှိနေပြီး နှစ်ဖက်စလုံး အကျဆုံးတွေရှိပါတယ်။
စစ်ကောင်စီဟာ စခန်းကုန်းကို ဒီနေ့အထိ ပြန်မသိမ်းယူနိုင်သေးဘဲ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာဖြစ်ပါတယ်။