(က)
ညက တညလုံး မိုးကတစိမ့်စိမ့်။ အခုမနက် မိုးပြတ်သွားပေမဲ့ ရာသီဥတုက အေးစိမ့်နေဆဲ။ ရေနွေးကြမ်းဝိုင်းကို သွားဖို့ရှိတော့ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးကို နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ခဲ့ပြီး သွေးပူသွားအောင်လို့ ခပ်သွက်သွက်ကလေး လျှောက်ဖြစ်ခဲ့ပါတယ်။
မန်ကျည်းပင်အိုကြီးအောက်က ဝါးကွပ်ပစ်ပေါ်မှာတော့ လူစုံနေပြီပေါ့။ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ ပန်းချီဆရာ အဘဆိုးပေနဲ့ အဘစိမ်းမောင်တို့ကို လှမ်းတွေ့ရပါတယ်။ ဖေကြီးကိုမြင်တော့ အဘစောမူးသာက လှမ်းနှုတ်ဆက်ပါတယ်။
“ဟာ . . . ဖေကြီးက ‘စစ်ကြိုခေတ်’ က ဓာတ်ရှင်မင်းသားကြီးစတိုင်နဲ့ မလိုင်နဲ့ပါလား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစောမူးသာ အပြောအပြီးမှာ ကျန်အဘတွေ တပြိုင်တည်း ထရယ်လိုက်ကြတာများ မန်ကျည်းပင်ပေါ်က ဆက်ရက်တွေတောင်မှ ထပျံကုန်ကြပါရောလား။ အဘလုံးတုံးကလည်း ဆက်ပြောလာပါတယ်။
“အေးဟ . . . ဖေကြီးဟာ ‘စစ်ကြိုခေတ်စတိုင်’ နဲ့လည်း လိုက်ဖက်တာပါပဲလား”
“ဟားဟား ဟားဟား ဟားဟား . . . .”
သည်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သုံးသပ်ကြည့်ရပါတော့တယ်။ ခေါင်းပေါ်မှာ ဦးသိန်းစိန် ဆောင်းသွားတဲ့ ‘နံပြားဦးထုပ်’ နဲ့။ ရှပ်အင်္ကျီပေါ်မှာ ‘ကုတ်အင်္ကျီ’ ကို ထပ်ဝတ်ထားပြီး လည်ပင်းမအေးအောင် ‘မာဖလာ’ လေးကို ပတ်လာမိခဲ့တာကိုး ခင်ဗျ။
“ဖေကြီး လာဟေ့ . . . ပြီးရင် သီချင်းဆိုပြ”
“ဗျာ . . . ဘာသီချင်းဆိုပြရမှာလဲအဘ”
“ငါက ဗိုလ်အောင်ဒင် . . . နင်ကဒါကိုမမြင် . . . ငါ့အသည်းကို ခလုတ်တိုက်သွားတယ် . . . မိန်းကလေးရယ် သိပ်မိုက်တယ်”
“ဟားဟား ဟားဟား ဟားဟား . . . .”
အဘစောမူးသာက သူကိုယ်တိုင်ပဲ ဆိုချလိုက်ပါတော့တယ် ခင်ဗျ။ ပြီးတော့ စကားဆက်ကြတဲ့ အခါ အဲသည် ‘စစ်ကြိုခေတ်’ ဆိုတဲ့ စကားလုံးအကြောင်းကို ရောက်ရှိသွားပါတယ်။
မြန်မာ့သမိုင်းစာမျက်နှာတွေမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလအကြောင်းကိုပြောရင် ရေးရင် အဲသည်စကားလုံး ‘စစ်ကြိုခေတ်’ လို့သုံးပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့အခါ ကာလကိုကျတော့ ‘စစ်ပြီးခေတ်” လို့ အသုံးပြုကြကြောင်း ပြောကြပါ၏။
“အဲသည် ‘စစ်ကြိုခေတ်’ ဆိုတဲ့အသုံးကို ဆရာမကြီး ‘လူထုဒေါ်အမာ’ က လုံးဝကို မနှစ်သက်ဘူး။ အဲသည်စကားလုံးကို မသုံးကြပါနဲ့လို့ တိုက်တွန်းရေးသား ဆော်သြဘူးတယ်ကွ”
“အေးကွ မူးသာရ . . . လူထုဒေါ်အမာ မေတ္တာရပ်ခံတာကို ငါလည်းဖတ်ဖူးတယ်”
အဘလုံးတုံးက ဝင်ဆွေးနွေးပါ၏။ ပြီးတော့ ဆရာမကြီးက “စစ်ကိုကြိုတယ်ဆိုတာ မကောင်းပါဘူး” ဟု သုံးသပ်ပြခဲ့ပါတယ် တဲ့။
ဒီလိုနဲ့ အဲဒီ ‘စစ်ကြိုခေတ်’ ဟာ ဒီနေ့စကားဝိုင်းမှာ အဓိကစကားလုံး ဖြစ်ခဲ့ပါတယ်။
“ဒါနဲ့ ‘စစ်ကြိုခေတ်’ ဆိုတာ ဘယ်ခုနှစ်ပိုင်းတွေကို ဆိုလိုတာလဲ မူးသာရ”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်က သူသိလိုရာကို ဝင်မေးလာတဲ့အခါ အစောမူးသာရဲ့ မျက်နှာကြီးဟာ အဓိပ္ပာယ်ပါပါ ပြုံးအိအိကြီး ဖြစ်လာပါတယ်ခင်ဗျ။ တခုခုတော့ တခုခုပါပဲ။
“အဲ . . . အရင် ‘စစ်ကြိုခေတ်’ ခုနှစ်သက္ကရာဇ်တွေကိုတော့ မမှတ်မိတော့ဘူးဟ”
“‘စစ်ကြိုခေတ်’ က ဘယ်နှခုရှိလို့လဲဟ”
“အေး . . အရင် အတိတ်က ‘စစ်ကြိုခေတ်’ တွေကို မမှတ်မိပေမဲ့ နောက်ထပ်အသစ် ‘စစ်ကြိုခေတ်’ ကိုတော့ အခု ငါတို့အားလုံး ဘဝတသက်တာ မှတ်မိနေကြမှာပါကွာ”
“အဲဒီ နောက်ထပ် ‘စစ်ကြိုခေတ်’ က . . .”
“‘ခေတ်သစ်စစ်ကြိုခေတ်’ က ‘၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀’ ကာလတွေပေါ့ကွ . . . . အာဟ အာဟ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား . .”
(ခ)
ကျန်တဲ့လူတွေအကုန်လုံး အုံးကနဲ ထရယ်ပေမဲ့ အဘစိမ်းမောင်က ကြောင်အအဖြစ်ကာ အသံတိတ်သွားပါတယ်။ သူ မေးမိတာ မှားပြီလို့လည်း နောင်တရနေပုံပါပဲ။
ကျန် အရွှင်အဘတွေကတော့ စကားဝိုင်းရဲ့ ခေါင်းစဉ်ဖြစ်သွားတဲ့ အဲဒီ ‘စစ်ကြိုခေတ်’ နဲ့ ဆက်စပ်ပြီး စကားလမ်းကြောင်း ဖြောင့်နေပါတော့တယ် ခင်ဗျ။
“မင်းတို့အားလုံးလည်း အသိပဲ၊ အဲသည်ကောင် ကြင်စိုး သာဝ မအလဆိုတဲ့ ကြောင်ချီးက ၂၀၁၉ လောက်ကတည်းက ‘စ’ နေတာလေ”
“အေးကွ . . . သတင်းဂျာနယ်အဟောင်းတွေကို ပြန်ကြည့်ရင် တွေ့ရတယ်ကွ၊ ဒီကောင်ဟာ ‘ဦးသိန်းစိန်’ လက်ထက်မှာ လက်သည်းဝှက် ‘ငြိမ်’ နေပြီး ‘NLD’ လက်ထက်လည်းကျရော ‘လက်သည်း’ တွေထုတ်ပြပြီး ပြည်သူ့အစိုးရကို ‘စိန်ခေါ်’ တော့တာပဲ”
“အဲသည် ၂၀၁၈၊ ၂၀၁၉ လောက်ကတည်းက သူ့ ‘အစွယ်’ ကို ထုတ်ထုတ်ပြပြီး ‘ကိုက်မယ် ခဲမယ်’ လို့ လုပ်နေခဲ့တာ”
“အစိုးရအစည်းအဝေးတွေလည်း မလာ၊ အစိုးရစကားလည်း နားမထောင်၊ ရခိုင်မှာ လူမျိုးတုံး သတ်ချင်သလိုသတ်နဲ့ ထင်သလို လုပ်နေခဲ့တာ”
“နောက်ဆုံးကွာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာတင် သူတို့မွေးထားတဲ့ ကလေကချေ ထောင်ထွက် လူသတ် မုဒိမ်း ဖာခေါင်းတွေနဲ့ ပျူစောထီးတွေကို ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့အထိ ခေါ်ထုတ်ပြီး ‘ရမ်းကား’ ခိုင်းခဲ့တာ မြင်ရမယ်”
“အဲသည်ကောင်တွေက အများပြည်သူကို ရန်တွေစ၊ ထိုးနှက် ရိုက်ပုတ် တိုက်ခိုက်တာတွေ လုပ်ခဲ့တာ အများအမြင်ပဲ။ ပညာရှိတဲ့လူထုက ‘ရှောင်’ တတ်တော့ သူတို့ ‘ပွဲတွေ’ ဖြစ်မလာဘူးပေါ့ကွာ”
“မအလက အဲဒီရက်တွေကတည်းက တိုင်းပြည်ဆူနေပြီဆိုပြီး အာဏာသိမ်းချင်နေတာ။ သူ့အဘတွေ မီးစိမ်းမပြသေးလို့ အသာလေး ကုပ်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဲဒီကာလနှစ်တွေဟာ ‘စစ်ကြိုခေတ်’ ပဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . .”
အားလုံး ပေါ့ပေါ့ပါးပါး ပြောဆိုနေကြချိန်မှာ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်ကား အမြည်းသုပ်တွေ တဇွန်းပြီးတဇွန်းဝါးကာ ရေနွေးကြမ်းတွေ တခွက်ပြီးတခွက် ငှဲ့ ‘နှက်’ နေပါလေ၏။
“ဟေ့ကောင် စိမ်းမောင် . . . ‘စစ်ကြိုခေတ်’ အကြောင်း ရှင်းပြီလား”
“အေး . . . အဲ . . .”
“ဟားဟား ဟားဟား ဟားဟား . . .”
“ဒါနဲ့ မူးသာရ . . . ‘စစ်ကြိုခေတ်’ ဆိုတာတော့ ရှင်းပါပြီ။ အခုလောလောဆယ် အချိန်ကာလကိုကျတော့ ဘယ်လိုခေါ်သလဲဟ”
အဘလုံးတုံးရဲ့အမေးအပြီးမှာ အဘစောမူးသာက တချက်ပြုံးလိုက်ကာ ဒီလိုပြန်ဖြေပါတယ် ခင်ဗျ။
“အခုအချိန်ဟာ အရင်ခေတ်တုန်းကလိုပဲ ပြန်သုံးရရင် ‘စစ်အတွင်းကာလ’ ပါတဲ့ဗျား”
“ဟားဟား ဟားဟား ဟားဟား . . .”
(ဂ)
ဒီနေ့ ဖေကြီးရဲ့ ဝတ်စားဆင်ယင်မှုကနေ စခဲ့လိုက်တဲ့စကားဝိုင်းဟာ အရှိန်အတော်ကလေး ရရှိခဲ့ပါပြီ ခင်ဗျ။ ‘စစ်ကြိုခေတ်’ တို့၊ ‘စစ်အတွင်း’ တို့ပြီးရင်တော့ ‘စစ်ပြီးခေတ်’ ဆိုတာကို ဆက်ဆွေးနွေးကြလိမ့်အုံးမယ် ထင်ပါရဲ့။ အဘစောမူးသာက စကားဆက်ပါတယ်။
“အခုလို ‘စစ်အတွင်း’ ကာလမှာ အရာရာ ခက်ခဲမယ်။ အဓိကကတော့ စားဝတ်နေရေးတွေ အဆမတန် ကျပ်တည်းမယ်။ လူတွေ ဒုက္ခပင်လယ်ဝေမယ်”
“အဲလိုဖြစ်လေ မအလကို ဆဲမိလေပဲ”
“ဟဲဟဲ ဟဲဟဲ . . . ဘုရားဒကာ သာသနာပြုမင်းကြီးကို မေတ္တာထားတယ်လာ့”
“တကယ့် အယုတ်တမာကောင်ကြီးပါကွာ၊ တစက်ကလေးမှ ကျက်သရေမရှိတဲ့ရုပ်နဲ့၊ အလကားကောင် ဘုရင်ရူး”
“ဟားဟား ဟားဟား ဟားဟား . . .”
အဘစိမ်းမောင်ကား ‘နား’ မပါသည့်အလား သူဘာမှ မကြားသလိုလိုပုံစံနှင့် ခြံတွင်းသို့ ငေးနေပါတယ် ခင်ဗျ။
“လက်ရှိကာလ နိုင်ငံ့နေရာအနှံ့မှာ မအလရဲ့သစ္စာခံ ခါးပိုက်ဆောင်တပ်တွေ ဖရိုဖရဲနဲ့ ပြိုကွဲပြေးလွှားနေရတာ မြင်ရတယ်”
“အခုဆိုရင် တပ်တွေအကုန်လုံးက ‘လမ်းအားလုံး နေပြည်တော်သို့’ လို့ ကြွေးကြော်ထားကြတယ်လကွ”
NUG နဲ့ ခိုင်ခိုင်မြဲမြဲ လက်ချင်းတွဲထားတဲ့ တိုင်းရင်းသားတပ်တွေကလည်း တချိန်တည်း တပြိုင်တည်း ‘ဆော်’ မယ်လို့ ကြုံးဝါးနေကြပါတယ်တဲ့။ မအလတပ်တွေဟာ ဟန်သာရှိတော့ပြီး ‘ခုခံစစ်’ အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ကြင်စိုး အသက်ရှူကျပ်နေပြီဖြစ်လို့ တခါတည်း အသက်ရှူ ရပ်သွားအောင် ‘တီး’ ကြမယ်တဲ့ ခင်ဗျ။
“ကြင်စိုး သာဝ မအလလည်း ကြံရာမရဖြစ်ပြီး သူ့တပ်ရင်းမှူးတွေခေါ်လို့ တပ်တိုင်း တပ်တိုင်း တပ်ပြင်ကော တပ်တွင်း ခြံစည်းရိုးနားမှာပါ ခံစစ်အတွက် ဆက်သွယ်ရေးမြောင်းတွေ တူးရမယ်၊ မိုင်းတွေထောင်ရမယ်၊ လျှို့ဝှက်မျှော်စင်တွေ ဆောက်ထားရမယ်လို့ အမိန့်ပေးထားသတဲ့ ဟ”
“အေးပါကွာ . . . ဘယ်လိုပဲဖြစ်ဖြစ် မမီတော့ပါဘူး၊ နောက်ကျနေပါပြီ ကြောင်တောင်တောင် မောင်ကြင်စိုးရာ”
“သြော် . . . ‘ဗိုလ်မောင်ကြင်’ . . . ‘ဗိုလ်မောင်ကြင်’ . . .”
“ဟားဟား ဟားဟား ဟားဟား . . . .”
“ဒါဆိုလည်း ဒီနေ့စကားဝိုင်းကို သီချင်းလေးတပုဒ်နဲ့ နိဂုံးချုပ်ပါရစေကွာ” ဟု အဘစောမူးသာက ခွင့်တောင်းလေရာ ကျန်အရွှင်အဘတွေက ‘လုပ်ဟ လုပ်ဟ’ ဟု ထောပနာပြုကြတဲ့အခါ အောင်မြင်ခန့်ညားပြီး ပီသကြည်မြလှတဲ့ သီချင်းသံကြီး ထွက်ပေါ်လာပါလေတော့သတည်း။
“ငါက ဗိုလ်မောင်ကြင် . . . နင်တို့ ဒါကိုမြင်. . . ငါ့စခန်းတွေ အပြုတ်တိုက်သွားတယ် . . . ခေတ်ကလေးတွေ သိပ်မိုက်တယ်”
“အယ် ဟယ် ဟယ် . . . . . . . .”
“ဝါး . . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး (လေရှီး)