မက္ကဆီကိုနိုင်ငံရဲ့ အာဏာပိုင်တွေဟာ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း ၄ ခုရဲ့ အကြွင်းအကျန်တွေကို သြဂုတ်လ ၁၇ ရက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း လွန်ခဲ့တဲ့တစ်ပတ်က ပျောက်ဆုံးသွားတဲ့ လူငယ် ၅ ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တာကြောင့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ အဖြေရှာဖို့အတွက် တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် သြဂုတ်လ ၁၅ ရက်က မက္ကဆီကိုအနောက်ပိုင်း ဟာလိစ်ကိုပြည်နယ်မှာ တစ်စုံတစ်ရာ အဖြေပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အထိ ပါဝင်တဲ့ ဒီလူငယ် ၅ ဦးဟာ သြဂုတ်လ ၁၁ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ပြီး အခုတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေက သူတို့ပဲလားဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လားဂို့စ်ဒီမော်ရီနိုမြို့ငယ်လေးမှာ နှစ်စဉ်ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုကို ဒီလူငယ်တွေက သွားရောက်ခဲ့တာဖြစ်ပြီး ဆန်မီဂဲလ်မြို့ရဲ့ ရှုခင်းကြည့် နေရာမှာ သူတို့ကို နောက်ဆုံးမြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလူငယ်တွေကို ရှာဖွေနေစဉ်မှာပဲ ရုပ်အလောင်း ၄ ခု တွေ့ရှိရာ ခြံမြေတစ်ခုကို အာဏာပိုင်တွေအနေနဲ့ ပိတ်ဆို့လိုက်ပြီလို့ ပြည်နယ်အစိုးရရှေ့နေ့ရုံးက ကြေညာခဲ့ပါတယ်။
Source-Reuters