ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ သြဂုတ် ၁၈ ရက် မနက်ပိုင်းက တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတဲ့အတွက် မြလယ်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း သုံးရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီး ၄ နာရီလောက်က ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ဂျက်လေယာဉ်သုံးစီးနဲ့ အားလုံးပေါင်း ၉ ကြိမ် ၁၀ ကြိမ်လောက်ရှိတယ်။ နာရီဝက်လောက် လှည့်ပတ်ပျံနေပြီး ကြဲတာ။ နောက် အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်” လို့ ပြောပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြလယ်ကျေးရွာ၊ ကောင်းတုံကျေးရွာ၊ ငှက်ပျောတောကျေးရွာနဲ့ အနီးနားပတ်ဝန်းကျင်က ကျေးရွာဒေသခံတွေဟာ ကြိုတင်တိမ်းရှောင်နေတဲ့အတွက် လူထိခိုက်မှု ရှိ မရှိ မသိရပေမဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးတာတွေ ရှိပါတယ်။
PDF နဲ့နီးစပ်သူ ဒေသခံ အမျိုးသားတဦးက “ရွှေကူကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်လာပြီလို့ သတင်းကြားကတည်းက မြလယ် ကောင်းတုံ ငှက်ပျောတောနဲ့ အနီးနားက ရွာတွေက သူတွေ ရှောင်နေကြတယ်။ ခု စစ်သင်္ဘောတွေက ဆင်ခန်းကျေးရွာမှာ ဆိုက်ကပ်ထားတာဆိုတော့ သူတို့ ကြိုတင် လမ်းကြောင်းရှင်းတဲ့သဘောမျိုးလို့ ယူဆတယ်။ ဗန်းမော် အမြောက်တပ်ကလည်း လှမ်းပစ်တယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ လူထိခိုက်သေဆုံးတာတော့ ရှိမရှိ မသိရသေးဘူး” လို့ ပြောပါတယ်။
ရိက္ခာနဲ့ လက်နက်ပစ္စည်း တင်ဆောင်လာတဲ့ စစ်သင်္ဘောကိုးစီးဟာ ဇူလိုင် ၂၉ ရက်က စတင်ကာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး သြဂုတ် ၇ ရက်က ရွှေကူဆိပ်ကမ်းမှာ ရပ်နားကာ သြဂုတ် ၁၆ ရက်မှာ ဗန်းမော်မြို့ဘက်ကို ဆန်တက်လာစဉ် ဝက်မကျေးရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့လို့ သင်္ဘောနှစ်စီး ထိမှန်ခဲ့ပါသေးတယ်။
ဗန်းမော်မြို့နယ်အတွင်းရှိ ဧရာဝတီကမ်းနဘေး ကျေးရွာတွေဖြစ်တဲ့ စင်းခန်း၊ ဝက်သိုး၊ စာဝတီး၊ ဆူးပုတ်ကုန်း၊ ညောင်ပင်သာ ကျေးရွာတွေအနီး စင်းခန်းကျေးရွာကနေ သြဂုတ် ၁၈ ရက် မနက် ၆ နာရီကျော်လောက်က စစ်တပ် ရိက္ခာ လက်နက်တင် သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့အတွက် ဒေသခံရွာသား ၁,၀၀၀ လောက် သြဂုတ် ၁၆ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တချို့ကျေးရွာဒေသခံရွာသားတွေကတော့ ရွာနီးစပ်ရာ လယ်တောအိမ်တွေမှာ တိမ်းရှောင်နေကြသလို KIA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွာခံတဦးက “PDF တွေက စစ်သင်္ဘောတွေ တက်လာတာကြောင့် ရှောင်တိမ်းထားကြဖို့ ပြောတယ်။ စစ်တပ်က ရွာထဲနေဖို့ ဥက္ကဋ္ဌကတဆင့် ပြောခိုင်းတယ်။ တောထဲတွေ့ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒီနေ့မနက် ၄ နာရီကျော်လောက်ကတည်းက ဗန်းမော်မြို့နယ်က စစ်တပ်တွေကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေကြတာ။ မံသဲဘက်ဆို စာသင်ကျောင်းနားကျတယ်။ ညောင်ပင်သာဘက်ဆိုရင် ရွာထဲ လက်နက်ကြီးတွေကျလို့ နွားတချို့နဲ့ ဝက်တချို့ သေတာကြားရတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းမှာတော့ ကောင်းတုံ၊ မြလယ် ဧရာဝတီမြစ်ကြောအတိုင်း ဗန်းမော်မြို့နယ်ကို စစ်ရိက္ခာသင်္ဘောတွေ အဆက်မပြတ် ပစ်လိုက်၊ နားလိုက် တက်လာနေပြီး လမ်းတလျှောက် ပစ်ခတ်ခံရလို့ ပျက်စီးသွားတဲ့ သင်္ဘောတွေကိုလည်း တွဲပြီး ဆန်တက်လာကြပါတယ်။
သြဂုတ် ၁၇ ရက်ကလည်း ရွှေကူမြို့နယ်ဘက်က ဧရာဝတီမြစ်ကျဉ်းအနီး ဇင်းဘုံကျေးရွာရှိ နေအိမ် ၄၀ ကျော်လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။